အသက်(၆)လအရွယ် ကလေးငယ်များ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ကြောင်း အမေရိကန် FDA တရားဝင်ခွင့်ပြု

အသက်(၆)လအရွယ် ကလေးငယ်များ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ကြောင်း အမေရိကန် FDA တရားဝင်ခွင့်ပြု
By Mr John

အမေရိကန်နိုင်ငံ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန Food and Drug Administration (FDA) က COVID-19 ကာကွယ်ဆေးနှစ်မျိုးကို အသက် (၅) နှစ်နှင့်အောက် ကလေးငယ်များအတွက် အသုံးပြုရန် ဇွန်လ (၁၇) ရက်နေ့တွင် တရားဝင်ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ပြီး သန်းနှင့်ချီသော အသက်အငယ်ဆုံး အမေရိကန်ကလေးငယ်များ ကာကွယ်ဆေးထိုးနိုင်တော့မည် ဖြစ်သည်။

အမေရိကန် FDA က အသက် (၆) လမှ (၄) နှစ်အထိ ကလေးငယ်များကို Pfizer-BioNTech ကာကွယ်ဆေးနှင့် အသက် (၆) လမှ (၁၇) နှစ်အထိ ကလေးငယ်များကို Moderna ကာကွယ်ဆေး ထိုးပေးနိုင်ကြောင်း ခွင့်ပြုချက်ပေးလိုက်ကြောင်း သိရသည်။ 

Pfizer-BioNTech ကာကွယ်ဆေးကို အသက် (၅) နှစ်အထက် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အသုံးပြုရန် FDA က ယခင်ကတည်းက ခွင့်ပြုထားခဲ့သည်။

FDA ၏ အကြံပေးပုဂ္ဂိုလ်များကော်မတီက အဆိုပါ COVID-19 ကာကွယ်ဆေးနှစ်မျိုးကို သန်းနှင့်ချီသည့် အသက်အငယ်ဆုံး အမေရိကန်ကလေးငယ်များအတွက် အသုံးပြုရန် ဇွန်လ (၁၅) ရက်နေ့တွင် တညီတညွတ်တည်း ထောက်ခံခဲ့ပြီးနောက် FDA က ယခုကဲ့သို့ တရားဝင်ခွင့်ပြုချက် ပေးလိုက်ခြင်းလည်းဖြစ်သည်။ 

အမေရိကန်တွင် (၅) နှစ်အောက် အသက် အရွယ်အုပ်စုများအတွက် ကာကွယ်ဆေးများကို အစောဆုံး လာမည့် သီတင်းပတ်တွင် ဖြန့်ဖြူးပေးနိုင်ကြောင်းနှင့် ဆေးဝါးကုမ္ပဏီများက တင်ပို့ရန်အသင့်ဖြစ်နေပြီဟု အကြောင်းကြားထားကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများက ပြောသည်။

အမေရိကန်တွင် မိဘအများအပြားက ၎င်းတို့၏ ကလေးငယ်များကို COVID-19 ကာကွယ်ဆေးထိုးပေးလိုကြသော်လည်း ကာကွယ်ဆေးဝယ်လိုအား မည်မျှကောင်းလာမည်ကို အတိအကျ မသိနိုင်ဟု ဆိုသည်။ 

အမေရိကန်တွင် Pfizer-BioNTech ကာကွယ်ဆေးကို အသက် (၅) နှစ်မှ (၁၁) နှစ်အထိ ကလေးများအတွက် အသုံးပြုရန် ယမန်နှစ် အောက်တိုဘာလအတွင်း တရားဝင်ခွင့်ပြုချက်ပေးခဲ့သော်လည်း ထိုအသက်အရွယ်အုပ်စု၏ (၂၉) ရာခိုင်နှုန်းခန့်ကသာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးဖြစ်ကြောင်း သိရသည်။

Source: Reuters