အလွန်ထူးခြားသည့် ခန္ဓာကိုယ်ချင်းဆက် အမြွှာညီအစ်မ (၂) ဦးအနက် တစ်ဦးက လက်ထပ်ထားပြီး ကလေးယူတော့မည်ဟုဆို

အလွန်ထူးခြားသည့် ခန္ဓာကိုယ်ချင်းဆက် အမြွှာညီအစ်မ (၂) ဦးအနက် တစ်ဦးက လက်ထပ်ထားပြီး ကလေးယူတော့မည်ဟုဆို
By Mr John

 Reality TV အစီအစဥ်များတွင် ပါဝင်ခဲ့ပြီး လူသိများကြသူများ ဖြစ်သည့် အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်မှ ဘရစ်တနီနှင့် အဘေး (Brittany and Abby) ခန္ဓာကိုယ်ချင်းဆက် အမြွှာညီအစ်မ (၂) ဦးအနက်  အဘေးက လွန်ခဲ့သည့် (၃) နှစ်ကစပြီး တိတ်တဆိတ် လက်ထပ်ခဲ့ကြောင်း ထုတ်ဖော်ပြောလာခဲ့ပြီးနောက် ယခုအခါတွင် ကလေးယူရန် ပြင်ဆင်နေပြီဟု ထုတ်ဖော်ပြောကြားလာသည်။ 



ထိုအမြွှာညီအစ်မတို့က နာမည်ကြီး The Oprah Winfrey Show တီဗွီရှိုး အစီအစဥ်၌ ပါဝင်ခဲ့ချိန် ၁၉၉၆ ခုနှစ်တွင် ပထမဆုံး လူအများ အာရုံစိုက်မှုရလာခဲ့ကြသူများဖြစ်ပြီး ထိုစဥ်က ၎င်းတို့မှာ အသက် (၆) နှစ်အရွယ် ဖြစ်ကြသည်။ 

ယခုအခါ အသက် (၃၄) နှစ်ရှိပြီဖြစ်သည့် ခန္ဓာကိုယ်ချင်းဆက် အမြွှာညီအစ်မ (၂) ဦးအနက် အဘေးက လွန်ခဲ့သည့် (၃) နှစ်ဖြစ်သည့် ၂၀၂၁ခုနှစ်တွင် တိတ်တဆိတ် လက်ထပ်ခဲ့ကြောင်း နှင့်  ၎င်း၏ ခင်ပွန်းဖြစ်သူမှာ သူနာပြုနှင့် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ အသက် (၃၃) နှစ်အရွယ် ဂျို့ရှ်ဘိုးလင်းဖြစ်သည်ဟု ဆိုသည်။

ဘရစ်တနီနှင့် အဘေး အမြွှာညီအစ်မက တစ်ဦးချင်းစီ အိပ်နိုင်၊ စားနိုင်၊ စကားပြောဆိုနိုင်သော်လည်း ဝမ်းဗိုက်ကနေ အောက်ပိုင်းတစ်လျှောက်လုံး ခန္ဓာကိုယ်ချင်း ဆက်နေရာ ခန္ဓာကိုယ်တစ်ခုကို (၂) ဦး မျှဝေထားသည့် ပုံစံဖြစ်သည်။ 

အလွန်ထူးခြားလှသည့် ဘရစ်တနီနှင့် အဘေးတို့ အမြွှာညီအစ်မအကြောင်းကို ၂၀၀၇ ခုနှစ်တွင် Extraordinary People: The Twins Who Share a Body အမည်ရှိ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့သည်။

ဘရစ်တနီနှင့် အဘေးတို့ တစ်ဦးချင်းစီတွင် ကိုယ်ပိုင် နှလုံး၊ ဦးနှောက်၊ အဆုတ်၊ အစာအိမ်နှင့် ကျောက်ကပ်တို့ ရှိကြသော်လည်း အသည်း၊ ဆီးအိမ်၊ အူနှင့် မျိုးပွားအင်္ဂါကဲ့သို့ အခြား ကိုယ်တွင်းအင်္ဂါများမှာ အတူတူဖြစ်ပြီး မျှဝေထားကြသည်။ 

"ကျွန်မတို့က လုံးဝ ကွဲပြားခြားနားတဲ့ လူတွေပါ။ နင် ဒါလုပ်ရင် ငါက ဟိုဟာလုပ်မယ် ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ညှိကြလေ့ရှိပါတယ်။ ဒါမှမဟုတ် အလှည့်ကျပေါ့ဟု" ဘရစ်တနီက ပြောသည်။

အဘေးနှင့် ဘရစ်တနီတို့ အသက် (၂၂) နှစ်အရွယ်အချိန်ဖြစ်သည့် ၂၀၁၂ ခုနှစ်တွင် အမေရိကန် တီဗီချန်နယ် TLC က ထုတ်လွှင့်ပြခဲ့သည့် Abby & Brittany အမည်ရှိ Reality TV အစီအစဥ်တွင် ပါဝင်ခဲ့ပြီးနောက် ၎င်းတို့က လူအများ အာရုံစိုက်မခံရစေရန် နေထိုင်လာခဲ့ကြသည်။ 

အမြွှာညီအစ်မ (၂) ဦးက ၂၀၂၁ ခုနှစ်တွင် အဘေးက ခင်ပွန်းဖြစ်သူ ဂျို့ရှ်ကို လက်ထပ်ခဲ့ခြင်း အပါအဝင် ၎င်းတို့၏ ဘဝ အသေးစိတ် အကြောင်းအရာများကို လူသိရှင်ကြား ဆွေးနွေးပြောဆိုခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့သော် မကြာသေးမီကမူ ၎င်းတို့အားလုံး အတူတူရှိနေကြသည့် ဓာတ်ပုံများကို TikTok တွင် မျှဝေခဲ့ကြသည်။ 

အင်တာဗျူးတစ်ခုတွင်လည်း ဘရစ်တနီက ၎င်းတို့၏ ကိုယ်ပိုင်မိသားစု ပိုင်ဆိုင်လိုသော ဆန္ဒကို ထပ်လောင်း ပြောခဲ့သည်။ 

"တစ်ကမ္ဘာလုံးက ကျွန်မတို့ကို ဘာတွေမြင်နေလဲ၊ ကျွန်မတို့ ဘာတွေလုပ်နေလဲ၊ ဘယ်အချိန်မှာ ဒါကို လုပ်တော့မယ်ဆိုတာ သိဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ ယုံလိုက်ပါ။ ကျွန်မတို့က လုံးဝ ကွဲပြားခြားနားတဲ့ လူတွေပါ" ဟု ဘရစ်တနီက ဆိုသည်။

အဘေးကလည်း "ဟုတ်တယ်။ တစ်နေ့ ကျွန်မတို့ အမေတွေ ဖြစ်လာကြတော့မှာ။ ဒါပေမဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာ ကျွန်မတို့ မပြောချင်သေးဘူး" ဟု ပြောခဲ့သည်။ 

ဘရစ်တနီနှင့် အဘေးတို့ အမြွှာညီအစ်မ၏ ခန္ဓာကိုယ်ချင်း ဆက်နေသည့် အခြေအနေအရ ၎င်းတို့က သမားရိုးကျအတိုင်း ကလေးတစ်ဦး ရယူနိုင်သော်လည်း ကလေး၏ မိခင်မှာ တရားဝင်အားဖြင့် မည်သူဖြစ်မည်ကို ရှင်းရှင်းလင်းလင်း မသိရဟု ဆိုသည်။

Source: Daily Mail, E! Online

Photo:  Daily Mail, E! Online, Youtube, Facebook