တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမား တစ်ဦးကို ဆိုင်ကယ် လုယူရန် ကြိုးပမ်းမှု ဖြစ်ပွားပြီး ဆိုင်ကယ်သမား ဓါးဒဏ်ရာ ရရှိ

တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi သမား တစ်ဦးကို ဆိုင်ကယ် လုယူရန် ကြိုးပမ်းမှု ဖြစ်ပွားပြီး ဆိုင်ကယ်သမား ဓါးဒဏ်ရာ ရရှိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi မောင်းသည့် အမျိုးသားတစ်ဦး အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီး ဆိုင်ကယ်လုယူရန် ကြိုးစားခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



တာချီလိတ်မြို့ ဟွေခိုက်ရွာအနီးတွင် ဇွန်လ၏ တတိယပတ်အတွင်း ညနေပိုင်းက ရွှေတာချီခရီးသွားလုပ်ငန်းမှ ကျောနံပါတ် (၆၁၉) ဝတ်ဆင်ထားသည့် ဆိုင်ကယ် Taxi မောင်းသူအား ၎င်း၏ ခရီးသည်ဖြစ်သည့် အမည် မသိ အမျိုးသားတစ်ဦးက ဓါးဖြင့်ထောက်ပြီး ဆိုင်ကယ် လုယူရန် ကြိုးစားရာ ဆိုင်ကယ် Taxi မောင်းသူ ဦးမျိုးလွင်၏ ဘယ်ဘက် နံကြား နှင့် ပေါင်တို့တွင် ဓါးဒဏ်ရာများ​ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ချက်ချင်း ပြန်လည်ခုခံနိုင်မှုကြောင့် ဆိုင်ကယ် မပါသွားကြောင်း နှင့် လုယက်ရန် ကြိုးစားသူမှာလည်း ထွက်ပြေးသွားကြောင်း သိရသည်။

ဆိုင်ကယ်လုယက်ရန် ကြိုးပမ်းသူသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဆမ်လောဝ်ကားဂိတ်အနီး ဆိုင်ကယ်ဂိတ်ကနေ မြို့ပြင် ဟွေခိုက် စာသင်ကျောင်းအနီးသို့ လိုက်ပို့ခိုင်းခြင်းဖြစ်ပြီး ဟွေခိုက်ရွာအနီးတွင် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေတာချီလူမှုကူညီရေးအသင်း ဥက္ဌဌ ဖြစ်သူ တာချီလိတ်ခရိုင် ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးဘိုစံက ဆေးကုသစရိတ်အဖြင့် ဘတ်(၂၀၀၀) ထောက်ပံ့စဉ်





အဆိုပါ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ် Taxi မောင်းသည့် ဦးမျိုးလွင်ကို ရွှေတာချီလူမှုကူညီရေးအသင်း ဥက္ဌဌ ဖြစ်သူ တာချီလိတ်ခရိုင် ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးဘိုစံက ဆေးကုသစရိတ်အဖြင့် ဘတ်(၂၀၀၀) ထောက်ပံ့သည်ဟု သိရသည်။



“ရွှေတာချီအသင်းသားများအနေဖြင့် သတိထား​ ဆိုင်ကယ် ပြေးဆွဲကြရန် ရှေ့တွင်လဲ သတိပေးထားပြီးဖြစ်ရာ မိမိတို့ အသက်အန္တရယ် ရှိ မရှိ သတိထားပြေးဆွဲကြရမည်ဖြစ်ပြီး၊ ခရီသည် (၂)ဦး တင်ဆောင်ခြင်းသည်လည်း လုယက်သူတို့၏ ပစ်မှတ်ဖြစ်နိုင်သောကြောင့် သတိထားပြေးဆွဲ ကြပါရန် ထပ်လောင်း သတိပေးအပ်ပါသည်။”ဟု ရွှေတာချီခရီးသွားလုပ်ငန်း၏ ရွှေတာချီလူမှုကူညီရေးအသင်းက ၂၀၂၂ခုနှစ် ဇွန်လ(၁၆)ရက်နေ့က အသိပေးထားရှိသည်ကို တွေ့ရသည်။



“တာချီလိတ်မှာကတော့ အခုလို ဖြစ်စဉ် မကြားရတာ အတော်ကြာခဲ့ပြီ။ ဟိုးအရင်တုန်းကတော့ ဆိုင်ကယ်သမားကို သတ်ပြီး ဆိုင်ကယ် ယူသွားတဲ့ ဖြစ်စဉ်တွေ ခဏခဏ ကြားရတယ်။ အခုတော့ ပြန်ဖြစ်လာပြီ။ ဆိုင်ကယ် Taxi ဆွဲသူတိုင်း သတိထားဖို့လိုပါတယ်။ အခုခေတ်ကာလက အရင်နဲ့မတူဘူး။ ဆိုင်ကယ်ခိုးမှုတွေလည်း နေ့စဉ် နီးပါး ဖြစ်နေတယ်။ အခုလိုမျိုး အသက်အန္တရာယ်စိုးရိမ်စရာ ဖြစ်ရပ်တွေလည်း ပေါ်ပေါက်လာနေတယ်။​ ရဲတို့ စရဖ တို့ ဆိုတာလည်း သူတို့ အကျိုးအမြတ်အတွက် သူတို့ ဖမ်းချင်တာဆိုရင် လျှောက်ဖမ်းတာ။ ပြည်သူအတွက် အမှန်တကယ် အကာအကွယ် မပေးနိုင်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ လိုတယ်”ဟု ဒေသခံ တစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ် နိုင်ဝင်ဘာလတုန်းကလည်း ဆိုင်ကယ် Taxi သမားတစ်ဦး သတ်ခံရပြီး ဆိုင်ကယ် လုယူသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သလို ၂၀၁၅ ခုနှစ် မတိုင်မီတုန်းကလည်း သတ်ဖြတ်ပြီး ဆိုင်ကယ် လုယူသွားသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။



တာချီလိတ်မြို့တွင် ခရီးတိုပြေးဆွဲမှုအဖြစ် ဆိုင်ကယ် Taxi ပြေးဆွဲခြင်း လုပ်ငန်းကို ရွှေတာချီလူမှု ကူညီရေးအသင်း၊ ရွှေတာချီခရီးသွားလုပ်ငန်းအမည်ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်ပြီး ဆိုင်ကယ်တက္ကစီပြေးဆွဲသူ အသင်းသားမှာ စုစုပေါင်း (၉၀၀)ကျော်ရှိကြောင်း သိရသည်။