စစ်တပ်က (၄)နှစ်ကျော်ပိတ်ထားသည့် ကျိုင်းတုံ - မိုင်းလား  ဝမ်တာပင်းဂိတ်ကို  အာဏာသိမ်းပြီးနောက် ပြန်ဖွင့်

စစ်တပ်က (၄)နှစ်ကျော်ပိတ်ထားသည့် ကျိုင်းတုံ - မိုင်းလား  ဝမ်တာပင်းဂိတ်ကို  အာဏာသိမ်းပြီးနောက် ပြန်ဖွင့်
စက်တင်ဘာ 16, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပေါက် - မိုင်းလား - ကျိုင်းတုံလမ်းရှိ ဝမ်တာပင်းဂိတ်အား (၄)နှစ်ကျော်ပိတ်ထားရာမှ စစ်တပ်ကအာဏာသိမ်းပြီး (၇)လကျော်အကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် ပြန်ဖွင့်ပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံ - မိုင်းလား ဝမ်တာပင်းပူးပေါင်းစစ်ဆေးရေးဂိတ်၏ နယ်မြေတစ်ဖက်တစ်ချက်တွင် အထူးဒေသ (၄) မိုင်းလားနှင့် အာဏာသိမ်းစစ်တပ်တို့ ထိန်းချုပ်သည့်နယ်မြေများဖြစ်ရာ (၄)နှစ်တာကာလအတွင်း ဂိတ်ပြန်လည်ဖွင့်လှစ်ရေးညှိနှိုင်းခဲ့မှုများမှာ အဆင်ပြေခဲ့ခြင်းမရှိခဲ့ဘဲ စစ်တပ်က အာဏာသိမ်းပြီးနောက် အဆိုပါဂိတ်အား ပြန်လည်ဖွင့်လှစ်လာသည်ကို တွေ့ရသည်။

အဆိုပါဂိတ်ကို အထူးဒေသ (၄) မိုင်းလားက ၎င်းတို့ဒေသတွင်း UWSA တပ်ဖွဲ့များ ဝင်ရောက်လာ၍ အခြေအနေရုတ်တရက်တင်းမာခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ ညနေ (၄)နာရီမှစ၍ ရုတ်တရက်ပိတ်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းအခြေအနေတည်ငြိမ်သွားချိန်တွင်လည်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ဖြစ်ခဲ့သည်။ 

ကာလကြာမြင့်စွာပိတ်ထားသည့် မိုင်းလားဂိတ်နေရာကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်းတို့ပါဝင်သည့်အဖွဲ့က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁၀) ရက်နေ့တွင် သွားရောက်၍ ဂိတ်ပြည်လည်ဖွင့်လှစ်ရေးအတွက် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ဝမ်တာပင်းဂိတ် ပြန်လည် ဖွင့်လှစ်ရန်ကိစ္စကို ၂၀၁၇ နိုဝင်ဘာလ (၁၁)ရက်နေ့က နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပန်ဆန်းမြို့သို့ သွားရောက်ပြီး UWSA ဥက္ကဌ ဦးပေါက်ယူချန်း၊ ဒု ဥက္ကဌ ဦးရှောက်မင်လျန်တို့အဖွဲ့ဖြင့် တွေ့ဆုံစဉ်က UWSA ဒု ဥက္ကဌ ဦးရှောက်မင်လျန်၏ သဘောထားတင်ပြဆွေးနွေးချက်၌ ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသော်လည်း ဂိတ်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

#TachileikNewsAgency

Photo: We Love Kyaington