တာချီလိတ်မြို့နယ်အတွင်း ရွှေတြိဂံဒေသတွင် တရားမဝင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသား (၂)ဦးကို ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်အတွင်း ရွှေတြိဂံဒေသတွင် တရားမဝင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသား (၂)ဦးကို ဖမ်းဆီးရမိ

 တာချီလိတ်မြို့နယ်အတွင်း မြန်မာ - လာအို - ထိုင်းနယ်စပ် ရွှေတြိဂံ ပါရာဒိုက်ဟိုတယ်ဝန်းအတွင်း မသင်္ကာဖွယ် တရုတ်နိုင်ငံသား (၂)ဦးကို တွေ့ရှိ စစ်ဆေးရာမှ တရားမဝင် ရောက်ရှိနေသူများ ဖြစ်ကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဧပြီလ(၃)ရက်နေ့ နံနက်ပါက တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ရွှေတြိဂံ ပါရာဒိုက်ဟိုတယ်ဝန်းအတွင်း  မသင်္ကာဖွယ် အမျိုးသား(၂)ဦးကို တွေ့ရှိ၍ စစ်ဆေးရာမှ တရုတ်နိုင်ငံသားများဖြစ်နေပြီး ၎င်းတို့သည် မဲခေါင်မြစ်ကနေ တရားမဝင် စက်လှေဖြင့် ကူးလာကြခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသား(၂)ဦးမှာ အသက်(၃၄)နှစ်အရွယ် ဝူဇီးလျှန်း နှင့် အသက် (၃၄)နှစ်အရွယ် ဝမ်ကျန်းတို့ ဖြစ်ကြပြီး ၎င်းတို့သည် တရုတ်နိုင်ငံ ချန်းအေးပြည်နယ် နှင့် ကျန်ဇီးပြည်နယ်များကဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား(၂)ဦးကို ဖမ်းဆီးပြီး ဒုလဝကမှူးက တရားလိုပြုလုပ်ကာ ဝမ်ပုံနယ်မြေရဲစခန်းတွင် (ပ)၁၀/၂၀၂၂၊ ၁၉၄၇ခုနှစ် လဝက အက် ၁၃(၁)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

 မြန်မာ - လာအို - ထိုင်းနယ်စပ် ရွှေတြိဂံဒေသတွင် တရုတ်နိုင်ငံ နှင့် လာအိုဘက်တို့မှ တရုတ်နိုင်ငံသားများသည် တာချီလိတ်သို့ စက်လှေဖြင့် မဲခေါင်မြစ်ကို ကူးကာ ရောက်လာလေ့ရှိတတ်ပြီး တော်တော်များများမှ  တာချီလိတ်မြို့ထဲသို့ ရောက်သွားကြသည့် ဖြစ်စဉ်အများအပြားရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။