တာချီလိတ်မြို့တွင် သတ်မှတ်စည်းကမ်းချက်များ မလိုက်နာ၍ နာမည်ကြီး KTV (၅)ဆိုင်ကို ယာယီ ပိတ်ခိုင်းထား

တာချီလိတ်မြို့တွင် သတ်မှတ်စည်းကမ်းချက်များ မလိုက်နာ၍ နာမည်ကြီး KTV (၅)ဆိုင်ကို ယာယီ ပိတ်ခိုင်းထား
ဇူလိုင် 7, 2023 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်တွင် ညပိုင်းတွင်သာ အဓိက ဖွင့်လှစ်သည့် KTV များစွာအနက် နာမည်ကြီး KTV (၆)ဆိုင်ကို နေ့ပိုင်းတွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးပြီး (၅)ဆိုင်ကို  သတ်မှတ်စည်းကမ်းချက်များအား မလိုက်နာ၍ဟုဆိုကာ ယာယီပိတ်ခိုင်းထားကာ ကျန် KTV (၁)ဆိုင်ကို လိုက်နာရန် လိုအပ်ချက်များရှိနေ၍ သတိပေးထားကြောင်း သိရသည်။

သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသည့် KTV (၆)ဆိုင်အနက် ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ရွှေဘူးသီး KTV၊ ကြီးမြတ်သောရွှေမြင်း PUB၊ ကိုးထပ် KTV၊ ဟိုတယ်တာချီလိတ်အတွင်းရှိ DAT Bar & KTV နှင့်  ခမရ (၃၃၁)တပ်အနီးရှိ Harry Potter KTV စသည့် KTV (၅)ဆိုင်ကို ယာယီပိတ်ခိုင်းထားပြီး သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှသာ ပြန်လှည် ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ပြီး စစ်ဆေးခဲ့သည့်  KTV (၆)ဆိုင်အနက် 1G1 KTV မှာလည်း လိုက်နာမှု အနည်းငယ်ရှိနေ၍ သတိပေးခဲ့ကြောင်း သိရသည်။

ယခုလို စစ်ဆေးခြင်းသည် တာချီလိတ်မြို့တမြို့တည်း မဟုတ်ဘဲ ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးတွင် KTV၊ Night Club၊ Bar နှင့် စားသောက်ဆိုင်များရှိ Unplugged များကို စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

"အဓိက ကတော့ လုပ်ငန်းလိုင်စင် နဲ့ အရက်ဘီယာရောင်းချမှု ယစ်မျိုးလိုင်စင် ရှိ မရှိဆိုတာတွေ နဲ့ သတ်မှတ်စည်းကမ်းတွေ လိုက်နာခြင်း ရှိ မရှိ စစ်ဆေးခဲ့တာပါခင်ဗျ၊ စစ်ဆေးခဲ့တဲ့ KTV (၆)ဆိုင်ထဲမှာတော့ (၅)ဆိုင်ကို ယာယီပိတ်ထားဖို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အခုလို စစ်တာကလည်း တာချီလိတ်တမြို့တည်း မဟုတ်ပါဘူး။ ဗဟိုရဲ့ ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးက မြို့နယ်အသီးသီးမှာ စစ်ဆေးမှုတွေ လုပ်နေကြပါတယ်။ တချို့မြို့တွေ ဆို ဒီလ အစောပိုင်းကတည်းက  စစ်နေကြပါတယ်။"ဟု တာချီလိတ်မြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

သက်ဆိုင်ရာဌာနများ ပါဝင်သည့် တာချီလိတ်မြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီက ၂၀၂၃ခုနှစ် ဇူလိုင်လ(၆)ရက်နေ့၏ နေ့ပိုင်းတွင် တာချီလိတ်မြို့ရှိ KTV များစွာအနက် KTV ဆိုင် (၆)ဆိုင်ကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးခြင်းမှာ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက စစ်ဆေးသကဲ့သို့ KTV နှင့် Night Club များတွင် မူးယစ်ဆေးဝါး ရောင်းချမှ ရှိ မရှိကို စစ်ဆေးခြင်းမဟုတ်သလို ညပိုင်း ရှောင်တခင် စစ်ဆေးခြင်းလည်း မဟုတ်ဘဲ သတ်မှတ်ချက် လိုက်နာမှု ရှိ မရှိ နှင့် လုပ်ငန်းလိုင်စင်ကိုသာ နေ့ပိုင်း၌ သွားရောက်ပြီး အဓိက  စစ်ဆေးကြခြင်းသာ ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံအတွင်း မြို့နယ်အသီးသီးရှိ KTV၊ Night Club၊ Bar အပါအဝင် စားသောက်ဆိုင်များရှိ Unplugged များကို စစ်ဆေးခြင်းအဖြစ် ၂၀၂၃ခုနှစ် ဇွန်လ၏ နောက်ဆုံးပတ်ကစ၍ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေကြခြင်း ဖြစ်ပြီး သတ်မှတ်ချက်ကို မလိုက်နာသည့် KTV  ဆိုင်များကို ယာယီပိတ်ထားရန် ညွှန်ကြားထားသော်လည်း မည်သည့် ကာလအထိ ပိတ်ထားရမည်ကိုတော့ မသိရသေးပေ။



#TachileikNewsAgency

Photo: တာချီလိတ်မဏ္ဍိုင်