ထိုင်းနိုင်ငံတွင် အာဏာသိမ်းခေါင်းဆောင် ပရာယွတ်က နောက်ထပ် (၂) နှစ် ဝန်ကြီးချုပ်ဆက်လုပ်မည်ဟုဆို

ာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာသူ စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ [ Photo: REUTERS/Chaiwat Subprasom ]
ာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာသူ စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ [ Photo: REUTERS/Chaiwat Subprasom ]
ထိုင်းနိုင်ငံတွင် အာဏာသိမ်းခေါင်းဆောင် ပရာယွတ်က နောက်ထပ် (၂) နှစ် ဝန်ကြီးချုပ်ဆက်လုပ်မည်ဟုဆို
သြဂုတ် 10, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာသူ စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက နောက်ထပ် (၂) နှစ် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမည်ဟု ၎င်း၏ လက်ထောက်ဝန်ကြီးချုပ်နှင့် အာဏာသိမ်းမှု အပေါင်းအဖော်က ဩဂုတ်လ (၉) ရက်နေ့တွင် ပြောသည်။ 

ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်အလို ယခုလအတွင်း အဓိက အတိုက်အခံပါတီက ဝန်ကြီးချုပ်ပရာယွတ်ကို တရားရုံးအဆုံးအဖြတ်ဖြင့် ရာထူးမှဖယ်ရှားရန် နည်းလမ်းရှာဖွေခဲ့ပြီးနောက် ၎င်းက ထိုသို့ ပြောကြားလာခြင်းလည်း ဖြစ်သည်။

အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ပရာယွတ်ကို ရာထူးမှဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပါက ဝန်ကြီးချုပ်နေရာကို ဆက်ခံရန် ပြင်ဆင်ထားခြင်းရှိ မရှိ အသက် (၇၆) နှစ်အရွယ် စစ်တပ်အကြီးအကဲဟောင်းနှင့် နိုင်ငံရေးဩဇာကြီးမားသူ Prawit Wongsuwan ကို ဩဂုတ်လ (၉) ရက်နေ့က မေးမြန်းခဲ့စဥ် ၎င်းက ထိုသို့ တုံ့ပြန်ခဲ့သည်။

"ကျွန်တော် ဘယ်လို အဆင့်သင့်ဖြစ်နိုင်မလဲ ကျွန်တော် ဒါကို မတွေးထားပါဘူး။ ဝန်ကြီးချုပ်က နောက်ထပ် (၂) နှစ် ဆက်ရှိနေပါလိမ့်မယ်" ဟု အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုမတိုင်မီ Prawit က သတင်းထောက်များကို ပြောခဲ့သည်။ 

ထိုင်းနိုင်ငံရေးတွင် Prawit ကို အာဏာပွဲစားတစ်ဦးအဖြစ် သိမှတ်ထားကြပြီး ၎င်းသည် နောက်ကွယ်မှ ဩဇာလွှမ်းမိုးမှုရှိသူဟု ဆိုသည်။ 

Prawit က ထို (၂) နှစ်အတွင်း ရွေးကောက်ပွဲတစ်ခု ပါဝင်ခြင်းရှိ မရှိကိုမူ ထုတ်မပြောခဲ့ပေ။

လက်ရှိ ထိုင်းဝန်ကြီးချုပ်ပရာယွတ်အနေဖြင့် လာမည့် (၁၀) လအတွင်း ရွေးကောက်ပွဲကျင်းပရန် ကြေညာရမည်ဖြစ်သည်။ 

၂၀၁၄ ခုနှစ်တွင် အာဏသိမ်းခဲ့သူ ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းမှာ (၈) နှစ်ပြည့်ပြီဖြစ်ကြောင်း အခြေခံဥပဒေခုံရုံးက စိစစ်ရှင်းလင်းရန် အတိုက်အခံ Pheu Thai ပါတီက လိုလားနေသည်။ 

ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းမှာ ဩဂုတ်လ (၂၃) ရက်နေ့ နေ့တွင် အတိအကျ (၈) နှစ်ပြည့်မည်ဖြစ်ကြောင်း Pheu Thai က ပြောသည်။

ပရာယွတ်ကို ထောက်ခံသူများကမူ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြဌာန်းပြီးမှသာ ဝန်ကြီးချုပ်သက်တမ်း (၈) နှစ်မှာ အကျုံးဝင်သည်ဟု ယူဆထားကြသည်။ 

ယခုကိစ္စမှာ တရားရုံးက ဆုံးဖြတ်ရန်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယွတ်က ဩဂုတ်လ (၈) ရက်နေ့ နေ့တွင် ပြောခဲ့သည်။ 

အတိုက်အခံများက ပရာယွတ်ကို ဖယ်ရှားရန် အကြိမ်ကြိမ် နည်းလမ်းရှာနေခဲ့ကြသည်။

အာဏာသိမ်းခေါင်းဆောင် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်က မကြာသေးမီ နှစ်များအတွင်း အကြီးဆုံး အစိုးရဆန့်ကျင့်ရေး ဆန္ဒပြမှုများနှင့် လွှတ်တော်တွင် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုတို့ ကြုံခဲ့ရသော်လည်း ဝန်ကြီးချုပ်ရာထူးတွင် ဆက်ရှိနေခဲ့သည်။

Source: Reuters