အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဇွန်လကုန်တွင် ဒုတိယအကြိမ် လာရောက်မည်

၂၀၂၂ခုနှစ် မတ်လ(၂၁)ရက်နေ့က နေပြည်တော်တွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံစဉ်
၂၀၂၂ခုနှစ် မတ်လ(၂၁)ရက်နေ့က နေပြည်တော်တွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံစဉ်
အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ဇွန်လကုန်တွင် ဒုတိယအကြိမ် လာရောက်မည်
By Mr John

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက မြန်မာနိုင်ငံကို ဒုတိယအကြိမ် ခရီးစဥ်အဖြစ် ဇွန်လ (၂၉) ရက်နှင့် (၃၀) ရက်တို့တွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။ 

အာဆီယံအထူးကိုယ်စားလှယ်က ၎င်း၏ ဒုတိယအကြိမ် မြန်မာခရီးစဥ်အတွင်း မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်မှုနှင့် ပက်သက်၍ ဆွေးနွေးသွားမည်ဟု ဆိုသည်။

ပရက်ဆော့ခွန်း၏ ခရီးစဥ်ကို မူလက ယခုသီတင်းပတ်အတွင်း စီစဥ်ထားခဲ့သော်လည်း မြန်မာဘက်တွင် ပြဿနာအချို့ရှိသောကြောင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း Thai BPS သတင်းဌာနက ၎င်း၏သတင်းရင်းမြစ်ကို ကိုးကားဖော်ပြသည်။ 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က မေလကုန်ပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အာဆီယံဘုံသဘောတူညီချက် (၅) ချက် ဖြစ်ပေါ်တိုးတက်မှုနှင့် အာဆီယံ၏ အနာဂတ်အစီအစဥ်ကို ရှင်လးင်းတင်ပြခဲ့သည်။

၎င်း၏ ဒုတိယအကြိမ် မြန်မာခရီးစဥ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုရှိစေရေး သေချာစေရန် ပရက်ဆော့ခွန်းက ဆွေးနွေးတိုက်တွန်းမည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်က Thai BPS ကို ပြောခဲ့သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် တက်ရောက်ခဲ့သည့် အာဆီယံအစည်းအဝေးတွင် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

အာဆီယံဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အဓိက သက်ဆိုင်သူများကို အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပေးရန် မေလအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တောင်းဆိုထားခဲ့သည်။ 

အာဆီယံအထူးကိုယ်စားလှယ်၏ ပထမအကြိမ် မြန်မာခရီးစဥ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် အာဏာသိမ်းခံရသည့် အရပ်သားအစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်မရခဲ့ပေ။

အာဏာသိမ်း စစ်အုပ်စုက အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်လုံးကို အပြည့်အဝ အကောင်အထည်ဖော်ရန် အချိန်ဆွဲနေခဲ့သည်။ 

အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က စစ်အုပ်စုကို စိတ်ပျက်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုရန် ခြေလှမ်းစလာခဲ့ကြသည်။ 

အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံက မကြာသေးမီက NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့သည်။

Thai BPS ၏ သတင်းရင်းမြစ်က ပြောကြားမှုအရ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန်နှင့် ၎င်း၏အနာဂတ်အစီအစဥ်များနှင့် ပတ်သက်၍ တိုးတက်မှုအချို့ရှိခဲ့သည်ဟု ဆိုသည်။ 

မြန်မာကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စ အစည်းအဝေးတစ်ရပ်ကို အာဆီယံအထူးကိုယ်စားလှယ် ဦးဆောင်ပြီး မေလ (၆) ရက်တွင် ပြုလုပ်ခဲ့သည်။

Source: Thai BPS