KNU အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူး နှင့် ဆက်သွယ်မေးမြန်းခြင်း

KNU အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူး နှင့် ဆက်သွယ်မေးမြန်းခြင်း
ဖေဖော်ဝါရီ 2, 2021 | နိုင်ငံရေး| အင်တာဗျူး
By Tachileik News Agency

အဓိက ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးရကတည်းက ဖြေရှင်းလို့မရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင်တော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတဲ့ဟာက နံပတ် (၁) ပေါ့ဗျာ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EAOs) (၁၀) ဖွဲ့က လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ အချက် (၇) ချက်ပါသည့် ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်၍ KNU အထွေထွေ အတွင်းရေးမှူး ပဒို စောတာဒိုမူးကို တာချီလိတ်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။    ။ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အချက် (၇) ချက်ပါတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သဘောထားမှတ်ချက် သိချင်ပါတယ်။

ဖြေ။    ။ အဓိက ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးရကတည်းက ဖြေရှင်းလို့မရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင်တော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတဲ့ဟာက နံပတ် (၁) ပေါ့ဗျာ။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတော့မယ်ဆိုရင် သက်ဆိုင်ရာ State Holder တွေပါဖို့တော့ လိုတာပေါ့။ တစ်ချို့ State Holder တွေကလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတော့ သူတို့ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ဆိုတာလည်း ပါရတော့တာပေါ့။ တစ်ဖက်မှာလည်း ဒီနိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေကို ရယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းရင်းသားအင်အားစုတွေ ပါရမှာဖြစ်တဲ့အတွက်ကြောင့်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိစ္စတွေ ကျွန်တော်တို့ တောင်းဆိုတာ ပါပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ဒီနိုင်ငံမှာ ခေတ်အဆက်ဆက်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကြောင့် စီးပွားရေးအရ၊ လူမှုရေးအရ အများကြီးကို သူများနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် နောက်ကျကျန်ရစ်ခဲ့တဲ့အခြေခံပေါ်မှာ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအခင်းအကျင်းတစ်ခု သွားဖို့ဆိုရင်တော့ ဒီလိုမျိုးအဖြစ်အပျက်တွေကို ကျော်လွန်ပြီးတော့ ဘယ်လိုဆက်လက်ပြီး အဖြေရှာမယ်ဆိုတာကို ကျွန်တော်တို့ ဦးတည်တာပဲ ဖြစ်ပါတယ်။

မေး။    ။ အခု သဘောထားကြေညာချက်ထုတ်တဲ့ EAO တွေအနေနဲ့ လက်ရှိအခြေအနေအပေါ် ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။    ။ ကျွန်တော်တို့အမြင်ကတော့ အဓိကကတော့ ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို ပင်တိုင်ထားပြီးတော့ ပေးထားချက်ထဲကနေ အငြင်းပွားမှုဖြစ်နေတဲ့ကိစ္စလို့ မြင်တာပေါ့။ ၂၀၀၈ က အဓိက ပြဿနာဖြစ်နေတာကိုး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ကလည်း လွှတ်တော်ပြင်ပလမ်းကြောင်းဆိုတဲ့ ကျွန်တော်တို့ ဒီ NCA လမ်းကြောင်းကနေပြီးတော့ ဒီနိုင်ငံရေးဆွေးနွေးမှုကနေ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ အာသီသရှိပြီးတော့ အဲဒီအတွက်ကြိုးစားနေတဲ့အဖွဲ့ဖြစ်သည့်အားလျော်စွာ ကျွန်တော်တို့ကတော့  ဒီကိစ္စက ဒီချိန်မှာတော့ ၂၀၀၈ ဖရိန်ထဲကနေ အငြင်းပွားတဲ့ကိစ္စတွေကို ရပ်တန်းက ရပ်ပြီးတော့ ၂၀၀၈ ကို ကျော်လွန်ပြီးတော့ ကျွန်တော်တို့ ဒီနိုင်ငံအတွက် အားလုံးသက်ဆိုင်သူတွေအကုန်လုံး အတူတကွ ပါဝင်ပြီးတော့ နိုင်ငံရဲ့ မျှော်မှန်းချက်တွေကို အတူတကွချမှတ်ပြီးတော့ ဒီမျှော်မှန်းချက်တွေကို ရှေးရှုနိုင်လောက်တဲ့ လုပ်ငန်းစဉ်တွေ အတူတကွချမှတ်နိုင်မယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ ရည်ရွယ်ပါတယ်။

မေး။    ။ မနေ့ကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်တာ ထုတ်ပြန်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မယ့်အခြေအနေ ဘယ်လိုမျှော်မှန်းပါသလဲ။ 

ဖြေ။    ။ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ ပြောနိုင်တာကတော့ ၁/၂၀၂၁ ပေါ့နော်။ အဲဒါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ ထုတ်ပြန်လိုက်တဲ့ အချက်ပေါ့။ အဲဒီထုတ်ပြန်ချက်ရဲ့ အချက် နံပါတ် (၅) ကိုကြည့်လိုက်မယ်ဆိုရင် ဆက်သွားမယ်ပေါ့။ ဒါပေမဲ့  NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ ဆိုတဲ့ဟာကို သူကပြောထားတယ်။ အဲဒီ ဖြစ်နိုင်သမျှဆိုတာက ဘာလဲဆိုတာတော့ ကျွန်တော်တို့ နားလည်အောင် ကြိုးစားသွားဖို့ဆိုတဲ့ အခြေခံတော့ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့က အရင်တုန်းက ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တယ်ဆိုပေမဲ့လည်း နောက်ထပ် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ နာမည်ပြောင်းလိုက်တာ တွေ့တယ်။ နာမည် ပြောင်းလိုက်တဲ့နေရာမှာ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ မဟုတ်တော့ဘဲနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားတဲ့အခါကျတော့လည်း ကျွန်တော်တို့ EAO တွေအနေနဲ့ကတော့ နားလည်အောင် ကြိုးစားသွားမယ်။ နားလည်အောင် ကြိုးစားဖို့ဆိုရင်တော့ သူတို့နဲ့ တွေ့ဆုံသွားမယ်။ ထိုနည်းလည်းကောင်းပဲ NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေအနေနဲ့လည်း သူတို့သဘောထားကို ကျွန်တော်တို့အနေနဲ့ မသိနိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မပြောနိုင်ဘူးပေါ့နော်။ 

မေး။    ။ အခု လက်ရှိအပြောင်းအလဲအနေအထားနဲ့ပဲ ငြိမ်းချမ်းရေးဆက်ပြီး ဆွေးနွေးနိုင်မယ့် အနေအထားရှိပါသလား။

ဖြေ။    ။ အဲဒါကြောင့် ကျွန်တော်တို့က နားလည်အောင် ကြိုးစားဖို့လိုတာပေါ့။ ဖြစ်နိုင်သမျှဆိုတာ ဘာလဲပေါ့။ ဖြစ်နိုင်သမျှဆိုတာက နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားမှာလားပေါ့။ ဒါမှမဟုတ် အပစ်အခတ်ရပ်စဲရေးပဲ လုပ်မှာလားဆိုတာကအစပေါ့နော်။ လောလောဆယ်ကတော့ ကျွန်တော်တို့ ဘာမှ ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဘာမှမသိသေးတဲ့အတွက် ဖြစ်တယ်။ သူတို့ ဘာစဉ်းစားနေတယ်ဆိုတာ ကျွန်တော်တို့ မသိတဲ့အခါကျတော့ သူတို့စဉ်းစားတာကို ကျွန်တော်တို့ သိနိုင်တဲ့ process တွေကို ကျွန်တော်တို့ ကြိုးစားပြီး ဖန်တီးဖို့ လိုပါတယ်။

မေး။    ။ အခုလက်ရှိ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာရတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းကွာဟမှုတွေဖြစ်လို့ ပြောပါတယ်။ EAO တွေဘက်ကရော ပြီးခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ ကျွန်တော်တို့ ပြောနိုင်တာက ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမဆို ရွေးကောက်ပွဲပြီးရင် အငြင်းပွားမှုကတော့ ရှိမှာပဲလေ။ အဲဒီတော့ အငြင်းပွားမှု ဖြစ်ရင်လည်း သူ့ပေးထားချက်ထဲက ဖြေရှင်းဖို့လိုတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာကျတော့ ၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ရဲ့ပေးထားချက်ထဲကနေ ဖြေရှင်းရမှာဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ ရဲ့ အခြေခံကိုက အာဏာရတဲ့သူတွေကို လုပ်ပိုင်ခွင့်တွေ ပေးထားတယ်ဆိုတဲ့ ပုံစံမျိုးလည်း ရှိတဲ့အခါကျတော့ ဒါက အဓိကကတော့ ကျွန်တော် ပြောလိုတာက ဘာပဲဖြစ်ဖြစ် လူထုကတော့ စိတ်ဆန္ဒရှိတဲ့အတိုင်း မဲပေးထားခဲ့ပြီ။ အဲဒီတော့ မှားသည်၊ မှန်သည်ဆိုတာကတော့ ဒီပေးထားချက်တွေပေါ်မှာ အခြေခံပြီးတော့ ဖြေရှင်းရမှာပဲ။ ကျွန်တော်တို့ နားလည်တာကတော့ ဒီပေးထားချက်ပေါ်မှာ ဖြေရှင်းဖို့ ကြိုးစားရင်း ဒီလိုဖြစ်သွားတာပဲဆိုတဲ့ဟာက ဒါက လက်ရှိ reality ပေါ့နော်။ အမှန်တကယ်ဖြစ်နေတဲ့ဟာ။ ဒါပေမဲ့ ကျွန်တော် ပြောလိုတာက ဒီရွေးကောက်ပွဲက (၇၅) ရာခိုင်နှုန်းသော အခြေခံကနေ  လုပ်တဲ့ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီဟာတွေကို ဒီထက်ပိုပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးရဲ့ အနာဂတ်အတွက်ကို ပိုပြီးတော့ ရှေးရှုပြီးတော့ စဉ်းစားသင့်တယ်။ ဒီအတွက်ကြောင့် ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ အကုန်လုံးကို ပြန်လွှတ်ပေးရမယ်။ ပြီးရင် အနာဂတ်အတွက် သက်ဆိုင်သူတွေ အကုန်ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ လုပ်ဖို့လိုတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာလည်း အင်အားမသုံးဘဲနဲ့ ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းကိုသုံးပြီး အဖြေရှာဖို့ဆိုတာကိုလည်း ကျွန်တော်တို့ ရည်ရွယ်တာဖြစ်တယ်။ ဒါတွေ အကုန်လုံးက နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးပြဿနာကို အင်အားမသုံးဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံညှိနှိုင်းဖို့လိုတယ်။ တွေ့ဆုံညှိနှိုင်းတဲ့အခါမှာလည်း third party ဖြစ်တဲ့ ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပါဝင်သင့်တယ်လို့  တင်ပြလိုပါတယ်။

မေး။    ။ နောက်ထပ်ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

ဖြေ။    ။ ကျွန်တော်တို့ EAO အဖွဲ့ (၁၀) ဖွဲ့လုံးကလည်း ပြည်သူလူထုတစ်ရပ်လုံးရဲ့ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို သဘောပေါက်တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ခံစားရတယ်။ ဒါကြောင့် ပြည်သူလူထုကြုံတွေ့နေရတဲ့ လက်ရှိ နိုင်ငံရေးအကြပ်အတည်းတွေကို ပြေလည်အောင် ကြိုးစားတဲ့နေရာမှာလည်း ကျွန်တော်တို့ အတူတကွ ပူးပေါင်းပြီး ပါဝင်ကြမယ်ဆိုတာတော့ ပြောလိုပါတယ်။

Tachileik News Agency