အာဏာသိမ်းအဖွဲ့က နိုင်ငံတကာဖိအားကို လှည့်စားရန် နိုင်ကျဉ်းအချို့လွှတ်ပြနေ

အာဏာသိမ်းအဖွဲ့က နိုင်ငံတကာဖိအားကို လှည့်စားရန် နိုင်ကျဉ်းအချို့လွှတ်ပြနေ
အောက်တိုဘာ 20, 2021 | နိုင်ငံရေး

အာဏာသိမ်းအဖွဲ့ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ပိတ်လိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသား (၅၀၀၀) ကျော်ကို ပြန်လွှတ်ပေးလာခြင်းမှာ နိုင်ငံတကာဖိအားပေးမှုကို လှည့်စားလို၍ လုပ်ဆောင်ခြင်းဖြစ်သည်ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီးက ထောက်ပြလိုက်သည်။

သမိုင်းတလျောက်လုံးမှာ နိုင်ငံတကာဖိအားတွေတိုးလာတိုင်း စစ်အာဏာရှင်ဟာ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားတချို့ကို ပြန်လွှတ်ပြလေ့ရှိခဲ့ပါတယ်။ နိုင်ငံတကာကို အယုံသွင်းပြီး ဖမ်းဆီးထားတဲ့သူတွေကို ဓားစာခံလို ဟန်ပြပြန်လွှတ်ပေးခဲ့တာတွေ အများကြီးပါ။ အမှန်တော့ သူတို့မှာ အမှန်တကယ်ပြောင်းလဲချင်တဲ့စိတ်ရင်းစေတနာမှန် မရှိပါဘူး။ နိုင်ငံတကာကို လှည့်စားလိုတဲ့ ဓာတ်ပြားဟောင်းကြီးကို အကြိမ်ကြိမ်ပြန်ဖွင့်ပြနေတာပါဘဲ။ နိုင်ငံတကာက ဖိအားတိုးလာတာကို လှည့်စားတာဘဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် ဖိအားတွေကို ဆထက်တပိုး ဆက်လက်လုပ်ဆောင်သွားဖို့ လိုပါတယ်။

ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့၌ ထောက်ပြပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါပြည်သူများမှာ မွေးရာပါအခွင့်အရေးကို ကျင့်သုံးပြီး ဆန္ဒထုတ်ဖေါ်ခြင်းကို မတရားဖမ်းဆီးခံထားရသူများဖြစ်ကြသည့်အပြင် နှိပ်စက်ညှဥ်းပမ်းမှုများ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကိုပါ ကြုံတွေ့မှုများရှိနေကြောင်းကိုလည်း လူ့အခွင့်အရေးဝန်ကြီးက ထောက်ပြပြောဆိုထားသည်။

အာဏာသိမ်းပြီးလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ အောက်တိုဘာလ (၁၉) ရက်နေ့အထိ အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသူ စုစုပေါင်း (၇၁၉၀) ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၃၁၇) ဦးရှိနေပြီဖြစ်သည်။

နိုင်ငံရေးပုဒ်မဖြင့် ပြစ်ဒဏ်ချခံရသူများတွင် အသက် (၁၈)နှစ်အောက် ကလေး (၂) ဦးအပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားကြရကြောင်း သိရသည်။

ယင်းအပြင် ဖမ်းဝရမ်းထုတ်ခံရ၍ တိမ်းရှောင်နေရသူ (၁၉၅၄) ဦးတွင်လည်း မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦးရှိနေကြောင်း သိရသည်။