မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာထောက်ထားမှု အဖြစ် ပေးအပ်မည့် အကူအညီအပေါ် စစ်ကောင်စီက အခွန်ကောက်မည့်ကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း အာဆီယံ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာထောက်ထားမှု အဖြစ် ပေးအပ်မည့် အကူအညီအပေါ် စစ်ကောင်စီက အခွန်ကောက်မည့်ကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း အာဆီယံ အထူးကိုယ်စားလှယ်ပြော
By Mr John

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ် အာဏာသိမ်းစစ်ကောင်စီက အခွန်ကောက်မည့် သတ်မှတ်ချက်ကို ဖယ်ရှားရန် အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ပြောသည်။

မြန်မာကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စ အစည်းအဝေးတစ်ရပ်ကို အာဆီယံအထူးကိုယ်စားလှယ် ဦးဆောင်ပြီး မေလ (၆) ရက်တွင် ပြုလုပ်ခဲ့ကြသည်။



ထိုအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှာ အဆင့်မြင့် အစိုးရအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်နှင့် မြန်မာဘက်မှ စစ်ကောင်စီလက်အောက်ခံ အရာရှိများ တက်ရောက်ခဲ့ကြသည်။

ထိုအစည်းအဝေးတွင် မြန်မာကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းနှင့် ပတ်သက်၍ တိုးတက်မှုရှိခဲ့ကြောင်း၊ သို့သော် အဟန့်အတား အများအပြားရှိနေဆဲဖြစ်ကြောင်း ပရက်ဆော့ခွန်းက ဆိုသည်။



မြန်မာကို လူနာသားချင်းစာနာထောက်ထားမှု အကူအညီပေးရာတွင် ကနဦးအနေဖြင့် နယ်မြေ(၅)ခုကို ရွေးချယ်ထားကြောင်း ပရက်ဆော့ခွန်းက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာကို ပြောခဲ့သည်။

ထိုနယ်မြေများအနက် အကူအညီ လိုအပ်နေသူတွေရှိသည့် နယ်မြေ(၂)ခုကို ဦးစားပေးသွားမည်ဟု သိရသည်။ ဘက်အားလုံးအနေဖြင့် သဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားပြီး အကူအညီလိုအပ်နေသူတွေကို ကူညီထောက်ပံ့ရေး အာရုံစိုက်ကြရန်လည်း အာဆီယံအထူးကိုယ်စာလှယ် ပရက်ဆော့ခွန်းက တိုက်တွန်းခဲ့သည်။



မြန်မာကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမှာ မြန်မာဘက်နှင့် အလှူရှင်နိုင်ငံနှင့် အဖွဲ့အစည်းများကဲ့သို့ မြန်မာပြင်ပဘက် နှစ်ဘက်စလုံးက သတ်မှတ်ထားသည့် အခြေအနေများ ကွဲပြားနေခြင်းကြောင့် အဟန့်အတားများ ရင်ဆိုင်နေရကြောင်း ၎င်းကဆိုသည်။



"တချို့ နိုင်ငံတွေ သို့မဟုတ် အေဂျင်စီတွေက အိမ်ရှင်မြန်မာနဲ့ ညှိနှိုင်းတိုင်ပင်မနေဘဲ သို့မဟုတ် စောင့်ကြည့်စစ်ဆေးမှု မခံယူဘဲ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ ရည်ရွယ်ထားကြတယ်။ အိမ်ရှင်နိုင်ငံကလည်း အခြေအနေတချို့ သတ်မှတ်ထားပြန်တယ်။ အဲဒါတွေထဲက တစ်ခုက လူသားချင်းစာနာထောက်ထားမှု အကူအညီကို အခွန်ကောက်မယ်ဆိုတာပါ။ ဒါပေမဲ့ ဒါကိုတော့ ကျနော်တို့ အောင်မြင်စွာ ညှိနှိုင်းဆွေးနွေးပြီပါပြီ။ အဲဒီလိုအပ်ချက်ကို ဖယ်ရှားလိုက်ပါပြီ" ဟု အာဆီယံအထူးကိုယ်စားလှယ်က ပြောခဲ့သည်။



မြန်မာပြည်သူများထံ COVID-19 ကာကွယ်ဆေးများ အပါအဝင် အကူအညီပို့ဆောင်ရာတွင် အခြား အဟန့်အတား အများအပြားရှိနေကြောင်း၊ တော်လှန်ရေးအုပ်စုများထံ အကူအညီများ ရောက်ရှိသွားမည်ကို စိုးရိမ်မှုများလည်းရှိနေကြောင်း ၎င်းကဆိုသည်။

ထိုပြဿနာများ အားလုံးကို အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်းနှင့် အတော်များများကို ဖြေရှင်းခဲ့ပြီးဖြစ်သည်ဟု ပရက်ဆော့ခွန်းက ဖြည့်စွက်ပြောသည်။



မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံနှင့် ကုလသမဂ္ဂကြား ပိုမို ပူပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

ပရက်ဆော့ခွန်းက လာမည့်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ၌ ပြုလုပ်မည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို ဝန်ကြီးချုပ်ဟွန်ဆန်နှင့်အတူ တက်ရောက်ရန်ရှိကြောင်းနှင့် ထိုအစည်းအဝေးမှ ပြန်လည်ရောက်ရှိပြီးနောက် မေလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ၎င်း၏ ဒုတိယမြောက်ခရီးစဥ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။



Source: Phnompen Post