ဟောင်ကောင်တွင် ကာကွယ်ဆေးထိုးပြီးသော်လည်း COVID 19 ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံထားရသူ (၃)ဦးမြောက် တွေ့ရှိ

Photo: K. Y. Cheng
Photo: K. Y. Cheng
ဟောင်ကောင်တွင် ကာကွယ်ဆေးထိုးပြီးသော်လည်း COVID 19 ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံထားရသူ (၃)ဦးမြောက် တွေ့ရှိ
နိုဝင်ဘာ 29, 2021 | နိုင်ငံတကာသတင်း| Covid-19

တောင်အာဖရိကတွင် တွေ့နေရသည့် COVID 19 မျိုးကွဲသစ်  အိုမီခရွန် (omicron) ကူးစက်ခံရထားသည့် (၃) ဦးမြောက်လူနာကို ဟောင်ကောင်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့၌ ထပ်မံတွေ့ရှိရကြောင်း သိရသည်။



အဆိုပါ တတိယမြောက်လူနာမှာ နိုင်ဂျီးရီးယားနိုင်ငံမှ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၄) ရက်နေ့က ပြန်ရောက်လာသည့် အသက် (၃၇)နှစ်အရွယ် အမျိုးသားဖြစ်ကြောင်းသိရသည်။

ဟိုတယ်တွင် အသွားအလာကန့်သတ်ထားပြီး တတိယမြောက်နေ့၌ COVID 19  စစ်ဆေးရာမှ တောင်အာဖရိကတွင် လက်ရှိဖြစ်ပွားနေသည့် COVID 19 ဗီဇပြောင်းမျိုးကွဲသစ်  အိုမီခရွန်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်တွင် ပထမတွေ့ရသည့် COVID 19 ဗီဇပြောင်းမျိုးကွဲသစ်  အိုမီခရွန်ကူးစက်ခံထားရသူနှစ်ဦးအနက် (၁) ဦးမှာ တောင်အာဖရိကပြန်လာသည့်အမျိုးသားဖြစ်ပြီး နောက်ထပ်တစ်ဦးမှာ အဆိုပါအမျိုးသားနှင့် ဟိုတယ်တစ်ခုထဲတွင် quarantine ဝင်နေသူဖြစ်ကြောင်း သိရသည်။

တောင်အာဖရိကမှ ပြန်လာသည့်အမျိုးသားသည် Mask ကို တပ်သည်ဆိုရုံ ဖက်ရှင်တစ်ခုအနေဖြင့် တပ်ဆင်လာပြီး ၎င်းတပ်ဆင်လာသည့် Mask သည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်နိုင်ခြင်းမရှိသည့် Mask ဖြစ်ရာ  ၎င်းထံမှတစ်ဆင့် ဒုတိယလူနာအား ကူးစက်သည်ဟု တာဝန်ရှိသူများက ယူဆထားကြသည်။

ကူးစက်ခံထားရသူ (၃) ဦးလုံးမှာ ကာကွယ်ဆေးအပြည့်အဝ ထိုးထားပြီးသူများဖြစ်ကြကြောင်း သိရသည်။

တောင်အာဖရိကတွင် တွေ့ရသည့် ပို၍ကူးစက်မှုမြန်သော COVID 19 မျိုးကွဲသစ်  B.1.1.529 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က  အိုမီခရွန် (Omicron)ဟု အမည်ပေးထားပြီး ပြင်းထန်မှုနှင့် ကူးစက်နိုင်မှုများကို လေ့လာနေဆဲဖြစ်ကြောင်း နိုဝင်ဘာလ (၂၆) ရက်နေ့၌ သတင်းထုတ်ပြန် အသိပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါမျိုးကွဲသစ်  အိုမီခရွန်မှာ တောင်အာဖရိကအပြင် ဩစတေးလျ၊ ဘယ်လ်ဂျီယမ်၊ ဗြိတိန်၊ ကနေဒါ၊ ချက်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီနှင့် နယ်သာလန်တို့တွင်လည်း ကူးစက်မှုများ တွေ့နေရပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency