COVID-19 အရေးပေါ်အခြေအနေ ဖြစ်နေသည့် မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ် စမ်းသပ်

Photo: Reuters
Photo: Reuters
COVID-19 အရေးပေါ်အခြေအနေ ဖြစ်နေသည့် မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ် စမ်းသပ်
By Mr John

 မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်(၃)စင်းကို မေလ (၂၅) ရက် နံနက်အစောပိုင်းက ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ အာရှခရီးစဥ်ဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်ကနေ ပြန်လည်ထွက်ခွာသွားပြီး နောက်တစ်ရက်တွင် မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ်လိုက်ခြင်းလည်း ဖြစ်သည်။ 

ဂျိုးဘိုင်ဒန်၏ ထိုဒေသတွင်းခရီးစဥ်မှာ မြောက်ကိုရီးယားကို ဟန့်တားရန် စီမံဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်မည့် လက္ခဏာအဖြစ် ယူဆထားကြသည်။

 မြောက်ကိုရီးယားက ယခုနှစ်အစပိုင်းမှစပြီး ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု အများအပြား ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။

မြောက်ကိုရီးယားက မေလ (၂၅) ရက်နေ့တွင် အနည်းဆုံး ဒုံးကျည်(၂)စင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန်နိုင်ငံက အတည်ပြုထားပြီး ထိုအရေအတွက်ထက် ပိုများနိုင်ကြောင်းလည်း ပြောခဲ့သည်။ 

ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi ၏ အဆိုအရ ပထမဒုံးကျည်မှာ အကွာအဝေး (၁၈၆) မိုင်နှင့် အမြင့်ဆုံး အမြင့် (၃၄၁) မိုင်ခန့်သို့ ရောက်ရှိခဲ့ကြောင်းနှင့် ဒုတိယဒုံးကျည်မှာ အမြင့် (၃၁) မိုင်နှင့် အကွာအဝေး (၄၆၆) မိုင်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများမှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် ဂျပန်နှင့် နိုင်ငံတကာလူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနှင့် ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်လိမ့်မည်ဟု ဝန်ကြီး Nobuo Kishi က ပြောဆိုသည်။ 

မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ပြီးနောက် တောင်ကိုရီးယားတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုအတွင်း ယခုလုပ်ရပ်မှာ အလေးအနက်ထားစရာ ရန်စမှုဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးကောင်စီက ပြောခဲ့သည်ဟု သမ္မတရုံးက ထုတ်ပြန်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က (၅)ရက်ကြာ အာရှခရီးစဥ်အဖြစ် တောင်ကိုရီးယားနှင့် ဂျပန်သို့ လာရောက်ခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပင် မြောက်ကိုရီးယားက ဒုံးကျည်များပစ်လွှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

ဂျိုးဘိုင်ဒန်၏ အာရှခရီးစဥ်အတွင်း မြောက်ကိုရီးယားက နောက်ထပ် လက်နက်စမ်းသပ်မှုလုပ်ရန် အသင့်ပြင်ထားပုံရသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား အရာရှိများက အစောပိုင်းတွင် သတိပေးထားခဲ့သည်။

တောင်ကိုရီးယားခရီးစဥ်အတွင်း ဂျိုးဘိုင်ဒန်နှင့် တောင်ကိုရီးယားမိတ်ဖက် သမ္မတယွန်းဆက်ယိုတို့က မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများကို ဟန့်တားရန် လိုအပ်ပါက ပိုမိုကြီးမားသည့် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန်နှင့် အမေရိကန်၏ မဟာဗျူဟာမြောက် စစ်လက်နက်ယန္တရားများ ဖြန့်ကျက်ချထားရန် သဘောတူညီခဲ့ကြသည်။ 

မြောက်ကိုရီးယား လုပ်ဆောင်သည့် အရာမှန်သမျှအတွက် အမေရိကန်က ပြင်ဆင်ထားကြောင်း သမ္မတဂျိုးဘိုင်ဒန်က ပြောထားခဲ့သည်။

မြောက်ကိုရီးယားက ကာကွယ်ဆေးထိုးမထားသည့် ၎င်း၏လူဦးရေ (၂၅)သန်းအား COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ရုန်းကန်နေရစဥ် ယခုနောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုများကို လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

မြောက်ကိုရီးယားတွင် ဧပြီလကုန်ပိုင်းမှစပြီး COVID-19 လက္ခဏာများနှင့် ဖျားနာနေသူ သန်းနှင့်ချီရှိနေပြီး (၆၈) ဦး သေဆုံးခဲ့သည်။ 

မြောက်ကိုရီးယားက မေလ (၁၂) ရက်နေ့မှသာ COVID-19 ကူးစက်မှုတွေ့ရကြောင်း ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ခဲ့ပြီး ထို့နေ့မှာပင် ကင်မ်ဂျုံအန်က COVID ဖြစ်ပွားမှု အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

ပုံအညွှန်း - မြောက်ကိုရီးယား၏ ဒုံးကျည်များ

 

Source: BBC, Reuters

Photo: REUTERS,KCNA,REUTERS/Kim Hong-Ji