လာအို - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး (၅)ခုမြောက် တံတား တည်ဆောက်ရေး (၅၀)ရာခိုင်နှုန်း ပြီးစီး

လာအို - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး (၅)ခုမြောက် တံတား တည်ဆောက်ရေး (၅၀)ရာခိုင်နှုန်း ပြီးစီး
စက်တင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

လာအိုနိုင်ငံ ဘော်လိခမ်စိုင် ပြည်နယ်နှင့် ထိုင်းနိုင်ငံ ဘွန်းကန်း ပြည်နယ်အကြား ဆက်သွယ်ထားသည့် (၅) စင်းမြောက် လာအို - ထိုင်း ချစ်ကြည်ရေးတံတား တည်ဆောက်ရေးလုပ်ငန်းမှာ ဩဂုတ်လအတွင်း (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။ 

(၅) စင်းမြောက် လာအို - ထိုင်း ချစ်ကြည်ရေးတံတားစီမံကိန်း အကြီးအကဲ Laithong Phommavong ၏ ပြောကြားမှုအရ ထိုင်းနိုင်ငံရှိ Neighboring Countries Economic Development Cooperation Agency (NEDA) ထံမှ ချေးငွေ ဘတ် (၁) ဘီလီယံကျော်ဖြင့် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် တံတားတည်ဆောက်ရေးလုပ်ငန်းကို စတင်ခဲ့ကြောင်း သိရသည်။

ထိုတံတားကို မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး လာအိုဘက်အခြမ်းတွင် အရှည် (၁,၇၅၅) ပေရှိသည်။ 

တံတား၏ ချဥ်းကပ်လမ်းမှာ စုစုပေါင်း ပေ (၉,၀၀၀) ကျော် ရှည်လျားပြီး စစ်ရေးဂိတ် အဆောက်အအုံများနှင့် အခြား အဆောက်အအုံများ လာအိုဘက်အခြမ်းတွင် ပါဝင်သည်။ 

ထိုလမ်းတည်ဆောက်ရေး အဆိုပြုကာလကို (၂)နှစ်ခွဲ သတ်မှတ်ထားပြီး လမ်းမပျက်စီးမှု အာမခံကာလမှာ (၂)နှစ်ဖြစ်သည်ဟု ဆိုသည်။ 

ယခု တံတားနှင့်လမ်း စီမံကိန်းကို ဗဟိုနှင့် ပြည်နယ်အဆင့် လုပ်ငန်းအဖွဲ့က လုပ်ငန်းများ ဆက်လက်ဆောင်နိုင်ရန်နှင့် ထိုင်းကန်ထရိုက်ကုမ္ပဏီအနေဖြင့် COVID-19 ကပ်ရောဂါကာလအတွင်း၌ပင် အဆင်ပြေချောမွေ့စွာ အလုပ် လုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု Laithong က ပြောသည်။ 

အစိုးရအနေဖြင့် တံတားစီမံကိန်းနယ်မြေ ပတ်ဝန်းကျင်ရှိ နေရာရွှေပြောင်းရသည့် ဒေသခံများကို လျော်ကြေးပေးရန်နှင့် တံတားတည်ဆောက်ရန် ချေးငွေရယူထားသည့် ကန်ထရိုက်တာကို ကုန်ကျစရိတ်ပြန်ပေးရန် အဆိုပြုထားသည်ဟု ဆိုသည်။

ပဥ္စမမြောက် လာအို-ထိုင်း ချစ်ကြည်ရေးတံတားမှာ လာအိုနိုင်ငံ  ဘော်လိခမ်စိုင် ပြည်နယ် ပါ့ခ်စိန်းခရိုင်  ခိုအေးအူးဒိုမို ကျေးရွာတွင် တည်ရှိပြီး 13 South လမ်းမှ (၂.၈) ကီလိုမီတာ အကွာအဝေးတွင်ဖြစ်ကြောင်း သိရသည်။

 တည်ဆောက်ရေးလုပ်ငန်း အလုံးစုံ ပြီးစီးပါက ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံရှိ မြို့အများအပြားကို လာအိုမှတစ်ဆင့် ကူးသန်းသွားလာနိုင်သည့် အရေးပါသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဟု သိရသည်။

Source: Laotian Times

Photo: Laotian Times,  Nation Thailand, Lao Economic Daily