ဂျပန်က COVID-19 ကြောင့် နိုင်ငံခြားသားဝင်ရောက်ခွင့် ပိတ်ပင်ထားမှုများကို နိုင်ငံပေါင်း(၁၀၆) ခုအတွက် ရုပ်သိမ်းသွားမည်

ဂျပန်က COVID-19 ကြောင့် နိုင်ငံခြားသားဝင်ရောက်ခွင့် ပိတ်ပင်ထားမှုများကို နိုင်ငံပေါင်း(၁၀၆) ခုအတွက် ရုပ်သိမ်းသွားမည်
By Mr John

ဂျပန်နိုင်ငံက COVID-19 နှင့် ဆက်စပ်သည့် နယ်စပ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် စီစဥ်နေပြီး အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် အပါအဝင် နိုင်ငံပေါင်း (၁၀၆) ခုမှ နိုင်ငံခြားသားများကို ဝင်ရောက်ခွင့်ပိတ်ပင်ထားမှုအား ဧပြီ (၈) ရက်တွင် ရုပ်သိမ်းသွားမည်ဟု သိရသည်။ ဂျပန်အစိုးရက ကပ်ရောဂါကြောင့် သတ်မှတ်ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးလာခဲ့သည်။

သို့သော် နယ်စပ်ကန့်သတ်ချက် ဖြေလျှော့ပေးခြင်းက ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်ခွင့်ကို အပြည့်အဝ ဖွင့်ပေးခြင်းမဟုတ်ဟု ဆိုသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ (၆) ရက် ထုတ်ပြန်ချက်အရ နိုင်ငံ (၁၀၆) ခုမှ နိုင်ငံခြားသားများ ဂျပန်ကို ဝင်ရောက်ခွင့်အား ဧပြီ (၈) ရက်မှစပြီး ခွင့်ပြုပေးသွားမည်ဖြစ်သော်လည်း  အလည်အပတ်ထွက်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ကြမည့် နိုင်ငံခြားသား ခရီးသွားများကိုမူ နိုင်ငံတွင်း ဝင်ရောက်ခွင့်မပြုာသေးကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဂျပန်နိုင်ငံက ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာ့ကပ်ရောဂါ စတင်ခဲ့သည့် အစောပိုင်းရက်များမှစပြီး နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ပြီး လတ်တလောတွင် ကျောင်းသားများနှင့် စီးပွားလုပ်ငန်းရှင်များကိုသာ နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုထားခဲ့သည်။ အခြား ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားကတော့ ကမ္ဘာလှည့်ခရီးသည်များကိုလည်း ပြည်လည် ဝင်ရောက်ခွင့်ပြုထားကြပြီး ဖြစ်သည်။

နိုင်ငံခြားသားများ ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် ပြင်ဆင်နေသော်လည်း နိုင်ငံ (၅၆) ခုမှ နိုင်ငံခြားသားများကိုမူ ဝင်ရောက်ခွင့်မပြုသေးကြောင်း ဂျပန်အစိုးရ ထုတ်ပြန်ချက်တွင် ပြောထားသည်။

နိုင်ငံခြားသားများအတွက် နေ့စဥ် ဗီဇာထုတ်ပေးမှုကို ယခင် ၇,၀၀၀ မှ ၁၀,၀၀၀ သို့ တိုးမြှင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်သည်။

Source: Reuters