မလေးရှားတွင် အပြင်ထွက်ပါက mask တပ်ရမည့် သတ်မှတ်ချက် နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသည့် ခရီးသည်များ COVID-19 စစ်ရန် လိုအပ်ချက် ဖြေလျှော့

မလေးရှားတွင် အပြင်ထွက်ပါက mask တပ်ရမည့် သတ်မှတ်ချက် နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသည့် ခရီးသည်များ COVID-19 စစ်ရန် လိုအပ်ချက် ဖြေလျှော့
By Mr John

မလေးရှားတွင် အပြင်ထွက်ပါက mask တပ်ရမည့် သတ်မှတ်ချက် နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသည့် ခရီးသည်များ COVID-19 စစ်ရန် လိုအပ်ချက် ဖြေလျှော့

မလေးရှားနိုင်ငံတွင် အပြင်ထွက် သွားလာပါက မဖြစ်မနေ mask တပ်ရမည့် စည်းမျဥ်း စည်းကမ်းနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသည့် ခရီးသည်များ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရမည့် သတ်မှတ်ချက်အပါအဝင် COVID-19 ကန့်သတ်ချက်များကို မေလ (၁) ရက်နေ့မှစပြီး ပယ်ဖျက်သွားမည်ဟု သိရသည်။

ဈေးဝယ်စင်တာနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာများ အပါအဝင် အဆောက်အအုံများ အတွင်းတွင် mask တပ်ရန် လိုအပ်နေဆဲဖြစ်မည်ဟု ကျန်းမာရေးဝန်ကြီး Khairy Jamaluddin က ဆိုသည်။



"နေအိမ်ပြင်ပမှာ mask တပ်ဖို့က ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ပါ။ ဒါပေမဲ့ တပ်ထားဖို့တော့ တိုက်တွန်းပါတယ်" ဟု ၎င်းက ဧပြီ (၂၇) ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အများပြည်သူအနေဖြင့် ရာမဒန်ဈေးတန်းများ (ဥပုသ်လ ဈေးတန်း)၊ အားကစားရုံများနှင့် ညဈေးတန်းကဲ့သို့ လူစည်းကားရာနေရာများတွင် mask တပ်ထားရန် တိုက်တွန်းကြောင်းလည်း ဝန်ကြီးက ဆိုသည်။



နိုင်ငံသို့ လာရောက်မည့် ခရီးသည်များ ခရီးမထွက်မီနှင့် ရောက်ရှိလာချိန်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန်လိုအပ်ချက်ကိုလည်း ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသူများ၊ ခရီးထွက်သည့်ရက် မတိုင်မီ ခြောက်ရက်မှ ရက် (၆၀) တွင် COVID-19 ကနေ ပြန်လည်ကောင်းမွန်လာသူများနှင့် အသက် (၁၂) နှစ်နှင့်အောက် ကလေးများအတွက် ပယ်ဖျက်သွားမည်ဖြစ်ကြောင်း Khairy Jamaluddin က ကြေညာသည်။

သို့သော် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးမထားသူများမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရမည်ဖြစ်ပြီး ငါးရက်ကြာ မဖြစ်မနေ ကွာရန်တင်းဝင်ရမည်ဟု ၎င်းကပြောသည်။ မလေးရှားသို့ ဝင်ရောက်ရန် ခရီးသွားအာမခံ လိုအပ်တော့မည်မဟုတ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးက ဆိုသည်။



အများပြည်သူဆိုင်ရာ နေရာများသို့ ဝင်ရောက်ရာတွင် ကူးစက်ခံရသူနှင့် လတ်တလော ထိတွေ့မှုရှိ မရှိ ခြေရာခံ မိုဘိုင်းအက်ပလီကေးရှင်း MySejahtera အသုံးပြုရန် မဖြစ်မနေ လိုအပ်ချက်ကိုလည်း ပယ်ဖျက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေး အကြိမ်ပြည့်ထိုးမထားသူတွေကိုလည်း ထိုနေရာများသို့ ဝင်ခွင့်ပြုသွားမည်ဟု Khairy Jamaluddin က ပြောသည်။

COVID-19 ရှိကြောင်း စစ်ဆေးတွေ့ရှိထားပြီး နေအိမ်တွင် စောင့်ကြည့်မှုဖြင့် နေထိုင်ရန် ညွှန်ကြားခံထားရသူများကိုသာ အများပြည်သူဆိုင်ရာ နေရာများသို့ ဝင်ခွင့်မပြုကြောင်း သိရသည်။



မလေးရှားနိုင်ငံက COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတွင်းဝင်ရောက်မှုများကို နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရာမှ ဧပြီ (၁) ရက်တွင် ပြန်ဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဧပြီ (၂၆) ရက် ထုတ်ပြန်ချက်အရ မလေးရှားတွင် COVID-19 ကူးစက်မှု ၃,၃၆၁ ခု တွေ့ရှိရပြီး ဧပြီ (၂၅) ရက်နေ့က ၂,၄၇၈ ခု တွေ့ရှိခဲ့ရာမှ မြင့်တက်လာကြောင်း သိရသည်။

မလေးရှားတွင် ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ကူးစက်မှုများ အကျဘက်သို့ ဦးတည်နေခဲ့ပြီး ကူးစက်မှုအရေအတွက် ဂဏန်းငါးလုံးကို ဧပြီ (၁၃) ရက်တွင် နောက်ဆုံး တွေ့ရှိခဲ့ရသည်။

မတ်လအတွင်းတွင်မူ နေ့အလိုက် ကူးစက်မှု ၃၀,၀၀၀ ကျော် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။



ဧပြီ (၂၆) ရက်အထိ စာရင်းများအရ မလေးရှားနိုင်ငံ၏ အရွယ်ရောက်ပြီး လူဦးရေ (၁၆) သန်း သို့မဟုတ် (၆၈.၁) ရာခိုင်နှုန်းက COVID-19 ထပ်ဆောင်း အားဖြည့်ကာကွယ်ဆေး (booster) ထိုးပြီးဖြစ်ကာ (၉၇.၆) ရာခိုင်နှုန်းက ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီး ဖြစ်သည်။

မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ COVIDNOW ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ နိုင်ငံလူဦးရေအားလုံး၏ (၈၁.၅) ရာခိုင်နှုန်းက ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးဖြစ်ကြောင်းလည်း သိရသည်။ မလေးရှားတွင် ကပ်ရောဂါစတင်ချိန်မှ ယခုအချိန်အထိ COVID-19 ကူးစက်ခံရသူ (၄.၄) သန်းရှိခဲ့ပြီး ၃၅,၅၀၀ ကျော် သေဆုံးခဲ့သည်။



Source: CNA