မလေးရှားက ကြက်သားတင်ပို့မှု ရပ်ဆိုင်းလိုက်၍ စင်ကာပူတွင် နိုင်ငံတော်ဟင်းလျာ မပြတ်လပ်ရန် ရုန်းကန်နေရ

မလေးရှားက ကြက်သားတင်ပို့မှု ရပ်ဆိုင်းလိုက်၍ စင်ကာပူတွင် နိုင်ငံတော်ဟင်းလျာ မပြတ်လပ်ရန် ရုန်းကန်နေရ
By Mr John

မလေးရှားနိုင်ငံက ကြက်သားတင်ပို့မှုအားလုံးကို ဇွန်လ (၁) ရက်နေ့မှစပြီး ရပ်ဆိုင်းလိုက်ရာ အိမ်နီးချင်း စင်ကာပူ၏ နိုင်ငံတော်ဟင်းလျာဖြစ်နေသော ကြက်ဆီထမင်းအတွက် ကြက်သားဈေးနှုန်းမြင့်တက်သည့် အခြေအနေကြုံနေရသည်။

စင်ကာပူရှိ စားသောက်ဆိုင်များနှင့် လမ်းဘေးဆိုင်များတွင် အဓိက အစားအစာ ဈေးနှုန်းမြင့်တက်မှုများ ရင်ဆိုင်နေရသည် သို့မဟုတ် အိမ်နီးချင်း မလေးရှားမှ ကြက်သားတင်ပို့မှု လျော့နည်းသွားသဖြင့် လုံးဝပိတ်လိုက်ရသည်ဟု Reuters သတင်းက ဆိုသည်။

မလေးရှားတွင် ကမ္ဘာတဝန်း တိရိစ္ဆာန်အစာပြတ်လပ်မှုကြောင့် ကြက်သားထုတ်လုပ်မှု လျော့ကျခဲ့ကြောင်း သိရသည်။

မလေးရှားက ကြက်သားတင်ပို့မှု တားမြစ်ပိတ်ပင်ခြင်းမှာ ရုရှား-ယူကရိန်း စစ်ပွဲ၊ ရာသီဥတုပြင်းထန်မှုနှင့် ကပ်ရောဂါ သက်ရောက်မှုကြောင့် နိုင်ငံများအနေဖြင့် အခြေအနေ မတည်မငြိမ်ဖြစ်နေရာ ကမ္ဘာတဝန်း စားနပ်ရိက္ခာပြတ်လပ်မှု တိုးလာသည့်လက္ခဏာလည်း ဖြစ်သည်။

အခြေခံအစားအစာဈေးနှုန်းများ မြင့်တက်မှုကြောင့် အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ ဂရိနှင့် အီရန်ကဲသို့ နိုင်ငံများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

စင်ကာပူနိုင်ငံသည် အာရှဒေသတွင် အချမ်းဆုံးနိုင်ငံများအနက် တစ်ခုပါဝင်သော်လည်း မြို့ပြမြေဧရိယာမှာ (၂၈၀) စတုရန်းမိုင်မျှသာရှိပြီး အစားအစာ၊ စွမ်းအင်နှင့် အခြား ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုအပေါ် အဓိက အားကိုးနေရသည့် နိုင်ငံဖြစ်နေသည်။

စင်ကာပူတွင် စားသုံးနေသည့် ကြက်သားပမာဏ အားလုံးနီးပါးကို ပြည်ပမှတင်သွင်းခြင်းဖြစ်ပြီး မလေးရှားမှ (၃၄) ရာခိုင်နှုန်း၊ ဘရာဇီးမှ (၄၉) ရာခိုင်နှုန်းနှင့် အမေရိကန်မှ (၁၂) ရာခိုင်နှုန်းဖြစ်ကြောင်း Singapore Food Agency (SFA) ၏ အချက်အလက်များအရ သိရှိရသည်။

ပြည်တွင်း၌ ဈေးနှုန်းမြင့်တက်မှု ရင်ဆိုင်နေရသည့် မလေးရှားက ပြည်တွင်းကြက်သားထုတ်လုပ်မှုနှင့် ဈေးနှုန်းတည်ငြိမ်သည်အထိ ကြက်သား ပြည်ပတင်ပို့မှုအားလုံးကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်။

စင်ကာပူ၏ လူဦးရေ (၅.၅) သန်းက နှစ်သက်ကြသည် ကြက်ဆီထမင်းတစ်ပွဲ၏ ဈေးနှုန်းမှာ အများအားဖြင့် စင်ကာပူဒေါ်လာ (၄) ဒေါ်လာ (မြန်မာကျပ်ငွေ ၅ ထောင်ကျော်) ဖြစ်သည်။

ကြက်သားပြတ်လပ်မှုကို ဘရာဇီးမှ အေးခဲကြက်သားဖြင့် ပြန်ဖြည့်နိုင်ကြောင်းနှင့် စားသုံးသူများအနေဖြင့် ကြက်သားအပြင် ပရိုတိန်းဓာတ်ပါဝင်သော ငါးကဲ့သို့ စားစရာများကို ရွေးချယ်ကြရန် Singapore Food Agency (SFA)က တိုက်တွန်းထားသည်။

 

Source: Reuters