မြန်မာ့စစ်အာဏာသိမ်းအဖွဲ့ကို အာဆီယံအစည်းအဝေးတက်ခွင့် မပြု

Photo:  Alexander Zemlianichenko/Pool via REUTERS
Photo: Alexander Zemlianichenko/Pool via REUTERS
မြန်မာ့စစ်အာဏာသိမ်းအဖွဲ့ကို အာဆီယံအစည်းအဝေးတက်ခွင့် မပြု
အောက်တိုဘာ 15, 2021 | နိုင်ငံတကာသတင်း

မြန်မာစစ်အာဏာသိမ်းအဖွဲ့အား ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ခွင့်ပြုမည်မဟုတ်ကြောင်း NHK သတင်းဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် ဖေါ်ပြလာသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ အောက်တိုဘာလ (၁၂) ရက်နေ့တွင် မြန်မာလာရောက်မည့် ခရီးစဉ်အတွင်း အထူးကိုယ်စားလှယ်တွေ့မည့်သူများအား အာဏာသိမ်းစစ်အုပ်စုက ကန့်သတ်မှုများကြောင့် ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာအာဏာသိမ်းအဖွဲ့ခေါင်းဆောင် တက်ခွင့်မပြုရန်သတင်းထွက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ အာဆီယံက ကြားဝင်ဆောင်ရွက်ပေးမည့် ဘုံသဘောတူညီချက် (၅) ချက်ရရှိခဲ့ပြီး (၄) လနီးပါးအကြာတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ ပထမဆုံး မြန်မာခရီးစဉ်အတွက်  မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် နှစ်လနီးပါးကြာ ဆွေးနွေးခဲ့ရပြီးနောက် အောက်တိုဘာလ (၁၂) ရက်နေ့တွင် လာရောက်ရန်ဖြစ်သော်လည်း အာဏာသိမ်း စစ်အုပ်စုက အထူးကိုယ်စားလှယ်တွေ့မည့်သူများအား ကန့်သတ်မှုကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။