ကမ္ဘာ့အအေးဆုံးမြို့တွင် အပူချိန် အနုတ် (၅၀) ဒီဂရီဆဲလ်စီးယပ်အထိ ပုံမှန်ထက် ပိုမိုကျဆင်းပြီး အေးခဲလျက်ရှိ

ကမ္ဘာ့အအေးဆုံးမြို့တွင် အပူချိန် အနုတ် (၅၀) ဒီဂရီဆဲလ်စီးယပ်အထိ ပုံမှန်ထက် ပိုမိုကျဆင်းပြီး အေးခဲလျက်ရှိ
ဇန်နဝါရီ 18, 2023 | နိုင်ငံတကာသတင်း
By Mr John

ကမ္ဘာ့အအေးဆုံးမြို့အဖြစ် လူသိများသည့် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ အရှေ့ပိုင်းရှိ Yakutsk မြို့တွင် ယခုသီတင်းပတ်အတွင်း အပူချိန် အနုတ် (၅၀) ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းပြီး ပိုမိုအေးခဲလျက်ရှိသည်။ 

ထိုမြို့တွင် ပုံမှန်မဟုတ်သည့် ရှည်ကြာသော အအေးလှိုင်းဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ 

ဇန်နဝါရီလမှာ Yakutsk မြို့၏ အအေးဆုံးလဖြစ်ကြောင်းလည်း သိရသည်။

Yakutsk မြို့မှာ မော်စကိုမြို့မှ အရှေ့ဘက် မိုင်ပေါင်း (၃,၁၀၀) ဝေးကွာသော အစဥ်အမြဲ အေးခဲနေသည့် ရုရှားနိုင်ငံ၏ အရှေ့ဘက်စွန်းအရောက်ဆုံး နေရာတွင် တည်ရှိသည်။ 

ပုံမှန်အားဖြင့် ထိုမြို့တွင် အပူချိန် အနုတ် (၄၀) ဒီဂရီဆဲလ်စီးယပ်သို့ ကျဆင်းလေ့ရှိကြောင်း မြို့ခံများက ပြောသည်။ 

အလွန်အေးခဲမှုကြောင့် နွေးနွေးထွေးထွေးရှိနေစေရန် အထူးသတိထား နေထိုင်ကြသည်ဟု ဆိုသည်။

" အေးခဲနေတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ဝတ်ဆင်နေထိုင်ဖို့ပဲ။ ဒီလိုမှမဟုတ်ရင်တော့ ဒုက္ခရောက်မယ်" ဟု ထူထပ်သော အနွေးထည်၊ လက်အိတ်နှင့် ခေါင်းစွပ်စွပ်ထားသည့် မြို့ခံ အမျိုးသမီးတစ်ဦးက Reuters သတင်းဌာနကို ပြောသည်။ 

Yakutsk မြို့တွင် ရေခဲသေတ္တာ မလိုအပ်ဘဲ အေးခဲငါးများ ရောင်းချနေသည့် နောက်ထပ်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း အအေးဒဏ်ခံနိုင်ရန် အထူးတလည် လျှို့ဝှက်ချက်များမရှိကြောင်း ပြောခဲ့သည်။

 "နွေးနွေးထွေးထွေဖြစ်နေအောင် ဝတ်ဆင်ဖို့ပါပဲ။ ဂေါ်ဖီထုပ်လို့ အထပ်ထပ်ဖြစ်နေအောင် ဝတ်ထားပေါ့" ဟု သူမက ဆိုသည်။

Source: Reuters

REUTERS/Roman Kutukov,