ထိုင်းနိုင်ငံတွင် စာသင်ကျောင်း၌ ကျောင်းသားများ ရန်ပွဲဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

ထိုင်းနိုင်ငံတွင် စာသင်ကျောင်း၌ ကျောင်းသားများ ရန်ပွဲဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား
By Mr John

ထိုင်းနိုင်ငံ Si Sa Ket ပြည်နယ် Sri Rattana ခရိုင်ရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတွင် ၂၀၂၃ခုနှစ် မေလ (၂၉) ရက်နေ့ မွန်းလွဲပိုင်းက ရန်ပွဲဖြစ်ရာမှာ ဓားထိုးမှုဖြစ်ပွားခဲ့ရာ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးပြီး အခြား (၃) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

Sri Rattana ခရိုင်ရှိ အစိုးရကျောင်းတွင် ဓားထိုးမှုဖြစ်ပွားကြောင်း မေလ (၂၉) ရက်နေ့၏ ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီ (၂၀) မိနစ်ခန့်တွင် ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားမှု လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ ကျောင်းသို့ ရောက်ရှိချိန်တွင် အသက် (၁၄) နှစ်အရွယ် ကျောင်းသားတစ်ဦး ဓားထိုးခံရသည့် ဒဏ်ရာများဖြင့် စာသင်ခန်းအတွင်း သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။ 

ဒဏ်ရာရခဲ့သည့် အခြား ကျောင်းသား (၃) ဦးကို ဆရာ/ဆရာများက ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးခဲ့ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဓားဖြင့်ထိုးသတ်ခံရသည့် လူငယ်နှင့် အသက် (၁၄) နှစ်အရွယ်ပင်ဖြစ်သည့် နောက်ထပ် ကျောင်းသားတစ်ဦးတို့က Mathayom Suksa 2 ကျောင်းတွင် ဆော့ကစားနေခဲ့ကြပြီးနောက် နေ့လယ်စာ စားချိန်အတွင်း ရန်စဖြစ်ခဲ့ကြကြောင်း သိရသည်။

 ထို့နောက် အခြား ကျောင်းသားများက ဒေါသတကြီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း ထိုင်းမီဒီယာက မေလ (၃၀) ရက်နေ့တွင် ဖော်ပြသည်။

မွန်းလွဲပိုင်းအရောက်တွင် ဒေါသထွက်နေသည့် ကျောင်းသားက ၎င်း၏ သူငယ်ချင်းများနှင့်အတူ ပြန်လာခဲ့ပြီး ဓားတစ်လက်ယူဆောင်လာကာ သေဆုံးသွားသည့် ကျောင်းသားကို တိုက်ခိုက်ခဲ့သည်။

 သေဆုံးသွားသည့် ကျောင်းသားက စာသင်ခန်းရှေ့တွင် ထိုင်နေစဥ် ဓားဖြင့်အထိုးခံရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ထိုဖြစ်စဥ်အတွင်း အခြား ကျောင်းသား (၃) ဦးလည်း ဒဏ်ရာရခဲ့ပြီး ဓားဖြင့်တိုက်ခိုက်သည့် ကျောင်းသားက အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့သည်။ 

နောက်ပိုင်းတွင် ထိုကျောင်းသားကို ၎င်း၏မိဘများက Sri Rattana ခရိုင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

စာသင်ခန်းတွင် ဓားဖြင့်တိုက်ခိုက်ခဲ့သည့် ကျောင်းသားကို လူသေဆုံးမှုဖြစ်သော ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် အခြား လူများကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့ဖြင့် စွဲချက်တင်ထားသည်။ 

ထိုကျောင်းသားကို ပြည်နယ်လူငယ်တရားရုံးတွင် ကြားနာစစ်ဆေးရန် မေလ (၃၀) ရက်နေ့က ရုံးထုတ်ခဲ့သည်။

 

Source: Bangkok Post