ကုလသမဂ္ဂတွင် တူရကီအမည်ကို 'တူရ်ကီရ' ဟု တရားဝင်ပြောင်းလဲ

Photo: Twitter/@MevlutCavusoglu
Photo: Twitter/@MevlutCavusoglu
ကုလသမဂ္ဂတွင် တူရကီအမည်ကို 'တူရ်ကီရ' ဟု တရားဝင်ပြောင်းလဲ
By Mr John

တူရကီနိုင်ငံ (Turkey) က ၎င်း၏ သမ္မတအမိန့်ဖြင့် နိုင်ငံအမည်ကို ယခုမှစ၍ တူရ်ကီရ (Turkiye) ဟု ပြောင်းလဲခေါ်ဝေါ်ရန် ပြောခဲ့ကြောင်း ကုလသမဂ္ဂက ဇွန်လ (၂) ရက်နေ့တွင် ကြေညာခဲ့သည်။

"အပြောင်းအလဲက ချက်ချင်းပဲဖြစ်ပါတယ်" ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က AFP သတင်းဌာနကို အီးမေးလ်မှတစ်ဆင့် ပြောခဲ့သည်။

နိုင်ငံအမည် ပြောင်းလဲခေါ်ဝေါ်ရန် တူရကီအစိုးရ၏ တရားဝင်တောင်းဆိုထားသည့်စာကို ကုလသမဂ္ဂရုံးချုပ်တွင် ဇွန်လ (၁) ရက်နေ့က လက်ခံရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုနေ့မတိုင်မီ မေလ (၃၁) ရက်နေ့တွင် တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavasoglu က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် အန်တိုနီယိုဂူတာရတ်ထံ လိပ်မူပေးပို့မည့် အဆိုပါစာတွင် လက်မှတ်ရေးထိုးနေသည့် ၎င်း၏ဓာတ်ပုံကို Twitter တွင် တင်ထားခဲ့သည်။

"ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ ဒီနေ့ ပေးပို့လိုက်တဲ့စာနဲ့အတူ ကျွန်တော်တို့နိုင်ငံရဲ့အမည်ကို ကုလသမဂ္ဂမှာ နိုင်ငံခြားဘာသာစကားဖြင့် 'Turkiye' လို့ စာရင်းသွင်းလိုက်ပါတယ်" ဟု ၎င်းက Twitter တွင် ရေးသားထားသည်။

တူရကီကို ဆယ်စုနှစ် (၂) ခုနီးပါးကြာ ဦးဆောင်လာခဲ့သူ သမ္မတ Recep Tayyip Erdon က နိုင်ငံအမည်ပြောင်းလဲရန် စတင်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

နိုင်ငံအမည်ပြောင်းလဲရန် ဆောင်ရွက်မှုအဖြစ် သမ္မတ Erdon အစိုးရက လွန်ခဲ့သည့် နှစ်အနည်းငယ်မှစပြီး နိုင်ငံတွင်ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများတွင် 'made in Turkey' အစား 'made in Turkiye' ဟု ပြောင်းလဲစေခဲ့ကြောင်းလည်း သိရသည်။

Source: AFP