အာရှဒေသတွင်း မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး သေဆုံးမှုအဖြစ် အိန္ဒိယတွင် သေဆုံး

အာရှဒေသတွင်း မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး သေဆုံးမှုအဖြစ် အိန္ဒိယတွင် သေဆုံး
By Mr John

 

အိန္ဒိယတွင် မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး သေဆုံးမှုအဖြစ် နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်၌ လူငယ်အမျိုးသားတစ်ဦး ဩဂုတ်လ (၁) ရက်နေ့က သေဆုံးသွားခဲ့ကြောင်းနှင့် ၎င်းမှာ အာဖရိကပြင်ပတွင် လက်ရှိ ကူးစက်ဖြစ်ပွားမှုအတွင်း စတုတ္တမြောက် သေဆုံးမှုလည်း ဖြစ်လာသည်။ 

ထို့အပြင် အာရှဒေသတွင် မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး သေဆုံးမှုလည်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း စပိန်နိုင်ငံတွင် မျောက်ကျောက်နှင့်ဆက်နွယ်သည့် သေဆုံးမှု (၂) ခုနှင့် ဘရာဇီးနိုင်ငံတွင် သေဆုံးမှုတစ်ခုရှိခဲ့သည်။

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ဇူလိုင်လ (၂၃) ရက်တွင် ကြေညာခဲ့သည်။

အိန္ဒိယတွင် မျောက်ကျောက်ရောဂါဖြင့် ပထမဆုံး သေဆုံးခဲ့သူမှာ အသက် (၂၂) နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း ကီရာလာပြည်နယ် အခွန်ဘဏ္ဍာဝန်ကြီးက သတင်းထောက်များကို ပြောသည်။ 

ပြည်နယ်အစိုးရက ထိုအမျိုးသားနှင့် ထိတွေ့မှုရှိခဲ့သူ (၂၁) ဦး သီးခြားခွဲထားကြောင်း ၎င်းကဆိုသည်။

 သေဆုံးသွားသည့် အမျိုးသားက ကီရာလာကို ဇူလိုင်လ (၂၁) ရက်တွင် ရောက်ရှိလာခဲ့သော်လည်း ပင်ပန်းနွမ်းနယ်ပြီး ကိုယ်ပူခြင်းကြောင့် ဆေးရုံသို့ ဇူလိုင်လ (၂၆) ရက်နေ့မှသာ သွားရောက်ခဲ့ကြောင်း ဝန်ကြီး K. Rajan က ပြောသည်။

ထိုအမျိုးသားနှင့် အဓိက ထိတွေ့မှုရှိသူများတွင် ရောဂါလက္ခဏာများ မရှိကြရာ အများပြည်သူအနေဖြင့် အထိတ်တလန့် ဖြစ်စရာမရှိကြောင်းလည်း ဝန်ကြီးက ဆိုသည်။ 

WHO ၏ စာရင်းများအရ လက်ရှိအချိန်အထိ နိုင်ငံ (၇၈) ခုတွင် မျောက်ကျောက်ရောဂါ ကူးစက်လူနာ (၁၈,၀၀၀) ကျော်ရှိနေပြီး အများစုမှာ ဥရောပ၌ဖြစ်ကြောင်း သိရသည်။

Source: Reuters