တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ကြက်သွန်ရုံမှ (၃၀)ကျော်တွင် COVID 19 ပိုးတွေ့

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ကြက်သွန်ရုံမှ (၃၀)ကျော်တွင် COVID 19 ပိုးတွေ့

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ကြက်သွန်ရုံတွင် အလုပ်လုပ်နေသူ  (၃၇) ဦး  COVID 19 ကူးစက်ခံထားရကြောင်း ၂၀၂၁ ခုနှစ် မေလ (၂၆) ရက်နေ့တွင် စစ်ဆေးတွေ့ရပြီး အတည်ပြုလူနာများနှင့် ဆက်စပ်သူ (၁၆၈) ဦးကို အသွားအလာကန့်သတ်ထားကြောင်း သိရသည်။

ကြက်သွန်ညှပ်အလုပ်ရုံသို့ ပစ္စည်းပို့နေသည့် မြန်မာကုန်တင်ယာဉ်မောင်းမှာ မကြာမီရက်ပိုင်းက COVID 19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ကုသမှုခံယူနေသူဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂)မှနေ၍ တာချီလိတ် - မယ်ဆိုင် ကုန်စည်ပို့ဆောင်ရေးယာဉ်များကို နှစ်နိုင်ငံအဝင်ဂိတ်တွင် ယာဉ်မောင်းလဲလှယ်မောင်းနှင်သည့်စနစ်ကို ကျင့်သုံးနေခြင်းဖြစ်ရာ အဆိုပါယာဉ်မောင်းမှာ မယ်ဆိုင်ဘက်တွင် နေထိုင်သည့် မြန်မာယာဉ်မောင်းဖြစ်ပြီး မယ်ဆိုင်တံတားထိပ်မှနေ၍ မယ်ဆိုင်မြို့တွင်းကို ကုန်တင်ယာဉ်လဲလှယ်မောင်းနှင်ပေးနေသူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် COVID 19 စစ်ဆေးတွေ့ရှိထားသည့် လုပ်သား (၃၇) ဦးကို ဆေးရုံသို့ပို့ဆောင်ကုသပေးနေပြီး အလုပ်ရုံမှ ကျန်လုပ်သားများအားလုံးကို အလုပ်ရုံရှိ အဆောင်ခန်းများတွင် အသွားအလာကန့်သတ်ထားကာ အစားအသောက်ပံ့ပိုးပေးထားမည်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်တွင် COVID 19 အတည်ပြုလူနာများကို ကုသပေးနေစဉ်အတွင်း အခြားလူနာများအား ကျင်းဆဲန်ဆေးရုံက ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အတည်ပြုလူနာတွေ့ရသည့် ကြက်သွန်ညှပ်အလုပ်ရုံကို အသွားအလာကန့်သတ်ထားပြီး အနီးဝန်းကျင်ရှိ အလားတူ အလုပ်ရုံ (၁၀) ခုကိုလည်း စစ်ဆေးသွားမည်ဟု သိရသည်။

COVID 19 လူနာအများအပြားတွေ့ရပြီး ထိတွေ့သူရာနှင့်ချီ၍ရှိနေသည့် အတွက် ချင်းရိုင်းခရိုင်မှ တာဝန်ရှိသူများ ကိုယ်တိုင် မယ်ဆိုင်သို့ လာရောက်ပြီး အစည်းအဝေးကျင်းပကာ COVID 19 ကို အမြန်ဆုံးထိန်းချုပ်နိုင်ရေး စီစဉ်နေကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပေါ်နေသည့် အခြေအနေကြောင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ မြန်မာ ယာဉ်မောင်းများကို Covid-19 စစ်ပေးပေးမှုကို လတ်တလောတွင် ယာယီရပ်ဆိုင်းထားပြီး စစ်မံချက် စနစ်တကျ စီစဉ်ပြီးနောက် ရက်ပိုင်းအတွင်း၌ စစ်ဆေးပေးမှုများကို လုပ်ဆောင်ပေးမည်ဟုလည်း သိရသည်။

Photo: TopNorth News