အီရန်လုံခြုံရေးတပ်ဖွဲ့များက ထွက်ပြေးနေသူများကို  ကားပေါ်မှ သေနတ်ဖြင့် လိုက်ပစ်နေ

ကားဖြင့် လိုက်လံပစ်ခတ်သည့် ဗီဒီယို မှတ်တမ်းပုံ [ Photo: Twitter ]
ကားဖြင့် လိုက်လံပစ်ခတ်သည့် ဗီဒီယို မှတ်တမ်းပုံ [ Photo: Twitter ]
အီရန်လုံခြုံရေးတပ်ဖွဲ့များက ထွက်ပြေးနေသူများကို  ကားပေါ်မှ သေနတ်ဖြင့် လိုက်ပစ်နေ
အောက်တိုဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

အီရန်နိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များက ထွက်ပြေးနေသူများကို ပစ်ကပ်ထရပ်ကားတစ်စီး၏ နောက်ဘက်တွင် တပ်ဆင်ထားသော သေနတ်တစ်လက်နှင့် လိုက်လံပစ်ခတ်နေသည့် ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာကြောင်း သိရသည်။ 

BBC Persian သတင်းဌာနက အတည်ပြုထားသည့် ထိုဗီဒီယိုအတွင်း Kurdistan ပြည်နယ် Baneh မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ကပ်ထရပ်ကားဖြင့် ထွက်ပြေးနေသူများနောက်ကိုလိုက်နေစဥ် သေနတ်သံများ ကြားနေခဲ့ရသည်။

ကားဖြင့် လိုက်လံပစ်ခတ်သည့် ဗီဒီယို မှတ်တမ်း [ Video: Twitter ]

ပြီးခဲ့သည့်လအတွင်း နိုင်ငံတဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီးနောက် Kurdistan ပြည်နယ်တွင် အာဏာပိုင်များက အပြင်းအထန် ဖိနှိပ်ဖြိုခွင်းနေခဲ့သည်။ 

လူ့အခွင့်အရေးအုပ်စုတစ်ခု၏ ပြောကြားမှုအရ အီရန်ဆန္ဒပြမှုများအတွင်း လူ (၂၀၀) ကျော် သေဆုံးခဲ့ကြောင်းလည်း သိရသည်။ 

BBC နှင့် အခြား လွတ်လပ်သည့် သတင်းဌာနများကို အီရန်နိုင်ငံအတွင်းမှ သတင်းများရယူတင်ဆက်ခွင့် ပိတ်ပင်ထားမှုရာ သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ရန် ခက်ခဲကြောင်း BBC သတင်းက ပြောသည်။

အီရန်အာဏာပိုင်များက အင်တာနက်ကိုလည်း အကြီးအကျယ် ဖြတ်တောက်ထားသည်ဟု ဆိုသည်။ 

နော်ဝေနိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း Iran Human Rights (IHR) ၏ ထုတ်ပြန်မှုအရ အောက်တိုဘာလ (၁၂) ရက်နေ့အထိ ဆန္ဒပြမှုများအတွင်း ကလေး (၂၃) ဦး အပါအဝင် လူ (၂၀၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများမှာ ၁၉၇၉ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးဖြစ်ပြီး အီရန်အစိုးရအတွက် အဓိက စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်လာသည်။

အီရန်နိုင်ငံတဝန်း မြို့ပေါင်း (၁၁၀) တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းနေခဲ့သည်။ 

ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဥ် အသက် (၂၂) နှစ်အရွယ် Masha Amini အမည်ရှိ အမျိုးသမီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ အီရန်ပြည်သူများကြား ဒေါသထွက်ခဲ့ကြသည်။ 

ထို့နောက် Amini နေထိုင်ရာ Saqez မြို့တွင် သူမ၏ဈာပန ပြုလုပ်ခဲ့သည့် ကို စက်တင်ဘာလ (၁၇) ရက်နေ့မှစပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

Amini မှာ မိသားစုနှင့်အတူ စက်တင်ဘာလ (၁၃) ရက်နေ့က တီဟီရန်မြို့သို့လာရောက်စဥ် ဦးခေါင်းကို ပဝါမခြုံဘဲ မသင့်လျော်စွာ ဝတ်စားဆင်ယင်သည်ဟုဆိုကာ အကျင့်စာရိတ္တ ထိန်းသိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

အာဏာပိုင်များက Amini သေဆုံးမှုမှာ နဂိုရောဂါအခံကြောင့်ဟု ထုတ်ပြန်ခဲ့သော်လည်း မိသားစုကမူ သူမမှာ ကျန်းမာသူဖြစ်ပြီး ရဲများက ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ရိုက်နှက်ခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အီရန်တွင် အာဏာပိုင်များက အင်တာနက်အသုံးပြုမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ဆိုရှယ်မီဒီယာအချို့ကို ပိတ်ပင်ထားသော်လည်း နိုင်ငံအတွင်း ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားနေမှုနှင့် လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းသည့် ရာနှင့်ချီသော မှတ်တမ်းဗီဒီယိုများ ထွက်ပေါ်လာခဲ့သည်။ 

ဆန္ဒပြ အမျိုးသမီးများကို အင်အားသုံးဖမ်းဆီးရန် ကြိုးပမ်းခဲ့သည့် အီရန်လုံခြုံရေးတပ်ဖွဲ့များက ထိုအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုခဲ့သည့် ဗီဒီယိုမှတ်တမ်း (၂) ခုလည်း ထွက်ပေါ်လာခဲ့သည်။

Source: BBC