အစ္စရေး ရွေးကောက်ပွဲတွင် နက်တန်ယာဟူက တစ်ကျော့ပြန် ဝန်ကြီးချုပ် ပြန်ဖြစ်လာ 

Photo: Kobi Wolf/Bloomberg/Getty Images
Photo: Kobi Wolf/Bloomberg/Getty Images
အစ္စရေး ရွေးကောက်ပွဲတွင် နက်တန်ယာဟူက တစ်ကျော့ပြန် ဝန်ကြီးချုပ် ပြန်ဖြစ်လာ 
နိုဝင်ဘာ 4, 2022 | နိုင်ငံတကာသတင်း
By Mr John

 အစ္စရေးနိုင်ငံ ရွေးကောက်ပွဲတွင် လက်ယာဝါဒီ ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နက်တန်ယာဟူ ဦးဆောင်သည့် ညွှန့်ပေါင်းအုပ်စုက လွှတ်တော်အမတ်နေရာ (၁၂၀) အနက် အများစု အနိုင်ရခဲ့ရာ နက်တန်ယာဟူက တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာတော့မည် ဖြစ်သည်။ 

နိုဝင်ဘာလ (၃) ရက်နေ့က ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များကို ထုတ်ပြန်ကြေညာရာ နက်တန်ယာဟူနှင့် ၎င်း၏ အမျိုးသားရေးအစွန်းရောက် မဟာမိတ်များက လွှတ်တော်အမတ်နေရာ (၆၄) အနိုင်ရခဲ့သည်။

နက်တန်ယာဟူ၏ Likud ပါတီက အမတ်နေရာ (၃၂) နေရာတွင် အနိုင်ခဲ့ကြောင်းလည်း သိရသည်။ 

၎င်း၏ပြိုင်ဘက် လက်ရှိဝန်ကြီးချုပ် Yair Lapid ဦးဆောင်သည့် ညွှန့်ပေါင်းအုပ်စုက အမတ်နေရာ (၅၁) နေရာတွင် အနိုင်ခဲ့သည်။ 

ဝန်ကြီးချုပ် Lapid က ရွေးကောက်ပွဲအနိုင်ရသည့် နက်တန်ယာဟူကို ဂုဏ်ပြုလိုက်ပြီး ၎င်း၏ ဝန်ထမ်းများကို အာဏာလွှဲပြောင်းရေး ပြင်ဆင်ရန် ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက နိုဝင်ဘာလ (၃) ရက်နေ့တွင် ပြောသည်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက် နက်တန်ယာဟူက (၂၈) ရက်အတွင်း အစိုးရတစ်ရပ် ဖွဲ့စည်းရမည်ဖြစ်ပြီး သမိုင်းတစ်လျှောက် လက်ယာစွန်းအရောက်ဆုံး အစိုးရအဖွဲ့ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

နက်တန်ယာဟူကို လွန်ခဲ့သည့် (၁၄) လတွင် ၎င်း၏ ပြိုင်ဘက်များက ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ 

၎င်းကို လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနှင့် ယုံကြည်မှုကို ချိုးဖောက်ခြင်းတို့ဖြင့် စွဲချက်တင်ခဲ့သည်။

နက်တန်ယာဟူက ထိုစွဲချက်များကို ငြင်းဆိုထားပြီး ၎င်း၏အမှုမှာ ကြားနာစစ်ဆေးနေဆဲဖြစ်ကြောင်းနှင့် လာမည့် နိုဝင်ဘာလ (၇) ရက်တွင် ရုံးချိန်းရှိကြောင်း သိရသည်။ 

အသက် (၇၃) နှစ်အရွယ် နက်တန်ယာဟူက ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိနှင့် ၂၀၀၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အစ္စရေးဝန်ကြီးချုပ်အဖြစ် (၂) ကြိမ် တာဝန်ယူခဲ့သူ ဖြစ်သည်။

Source: Al Jazeera, Reuters