အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူထားသည့် သားပိုက်ကောင်၏ တိုက်ခိုက်မှုကြောင့် ပိုင်ရှင်အမျိုးသား သေဆုံး

အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူထားသည့် သားပိုက်ကောင်၏ တိုက်ခိုက်မှုကြောင့် ပိုင်ရှင်အမျိုးသား သေဆုံး
စက်တင်ဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

ဩစတြေးလျနိုင်ငံတွင် အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူထားသည့် သားပိုက်ကောင်တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ပိုင်ရှင်အမျိုးသား သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ဒဏ်ရာအပြင်းအထန်ရရှိထားသည့် အသက် (၇၇) နှစ်အရွယ် အမျိုးသားကို စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပါ့သ်မြို့၏ တောင်ဘက် မိုင် (၂၅၀) အကွာ Redmond မြို့ရှိ ၎င်း၏နေအိမ်တွင် ဆွေမျိုးတစ်ဦးက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ဆေးဘက်အကူများက အစွန်အဖျားနေရာရှိ နေအိမ်သို့ ရောက်ရှိလာချိန်တွင် သားပိုက်ကောင်က ထိုအမျိုးသားကို ပြုစုကုသပေးခြင်း မလုပ်ဆောင်နိုင်ရန် ဟန့်တားခဲ့သည်ဟုလည်း ဆိုသည်။ 

ထို့နောက် ရဲတပ်ဖွဲ့က သားပိုက်ကောင်ကို အသေပစ်သတ်ခဲ့သည်။ 

ဒဏ်ရာများရရှိထားသည့် အမျိုးသားမှာလည်း အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသားမှာ ထိုနေ့အစောပိုင်းတွင် တောရိုင်းတိရိစ္ဆာန်ဖြစ်သည့် သားပိုက်ကောင် တိုက်ခိုက်ခံခဲ့သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာကို ပြောသည်။ 

ဩစတြေးလျတွင် သားပိုက်ကောင် သန်း (၅၀) ခန့်ရှိနေပြီး ၎င်းတို့က ကိုယ်အလေးချိန် (၁၉၈) ပေါင်နှင့် အမြင့် (၆) ပေခွဲအထိ ကြီးထွားနိုင်ကြောင်း သိရသည်။

သို့သော် လူသေဆုံးသည့် သားပိုက်ကောင် တိုက်ခိုက်မှုများ ရှားပါးပြီး ယခုဖြစ်ရပ်မှာ ၁၉၃၆ ခုနှစ်နောက်ပိုင်း ပထမဆုံး လူသေဆုံးခဲ့သည့် သားပိုက်ကောင် တိုက်ခိုက်မှုဟု ဆိုသည်။ 

သားပိုက်ကောင်များတွင် ချွန်ထက်သည့်သွားများ၊ ခြေသည်း လက်သည်းများနှင့် အားကောင်းလှသည့် ခြေထောက်များကဲ့သို့ များစွာသော လက်နက်များရှိကြောင်း သားပိုက်ကောင်အပြုအမူဆိုင်ရာ ကျွမ်းကျင်သူ Graeme Coulson က ABC (Australian Broadcasting Corporation) သတင်းဌာနကို ပြောသည်။ 

"သူတို့ ချောင်ပိတ်မိနေရင် ဒါမှမဟုတ် တစ်နည်းနည်းနဲ့ စိတ်ရှုပ်နေရင် တော်တော်အန္တရာယ်ရှိနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ယခုနှစ် ဇူလိုင်လအတွင်းကလည်း Queensland ပြည်နယ်တွင် လမ်းလျှောက်သွားနေစဥ် သားပိုက်တစ်ကောင် တိုက်ခိုက်မှုကြောင့် အသက် (၆၇) နှစ်အရွယ် အမျိုသမီးတစ်ဦး အကိုက်ခံရသည့်ဒဏ်ရာများနှင့် ခြေထောက်တစ်ဖက်ကျိုးသွားခဲ့ကြောင်း သိရသည်။ 

ထို့အတူ မတ်လအတွင်းကလည်း New South Wales ပြည်နယ်တွင် သားပိုက်ကောင် တိုက်ခိုက်မှုကြောင့် အသက် (၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ 

ဩစတြေးလျနိုင်ငံတဝန်းတွင် မြို့ပြတည်ဆောက်မှုများက တောရိုင်းတိရိစ္ဆာန် သားပိုက်ကောင် နေရာများကို ထိပါးကျူးကျော်လာနေသည်ဟု ဆိုသည်။

Source: BBC