ကမ္ဘာကြီးက ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်ကပ်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ 

Photo: AP/Getty
Photo: AP/Getty
ကမ္ဘာကြီးက ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်ကပ်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ 
သြဂုတ် 27, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းနိုင်ငံရှိ ဥရောပ၏ အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံတွင် နာရီများနှင့်ချီ ယာယီဓာတ်အားပြတ်တောက်ခဲ့စဥ် ကမ္ဘာကြီးမှာ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည် ကပ်ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောသည်။

ထို နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရုရှားတပ်ဖွဲ့များ ထွက်ခွာစေရန် ပိုမိုမြန်ဆန်စွာ အရေးယူဆောင်ရွက်ရန် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက နိုင်ငံတကာအဖွဲ့အစည်းအများကိုလည်း တိုက်တွန်းလိုက်သည်။

ဩဂုတ်လ (၂၅) ရက်နေ့က Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံသို့ ယူကရိန်းနိုင်ငံ၏ မဟာဓာတ်အားလိုင်းမှ ဓာတ်အားပို့လွှတ်မှု ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ 

ထိုအချိန်တွင် အရန်အဖြစ်ထားရှိသည့် ဒီဇယ်ဆီသုံး မီးစက်များသုံးပြီး နျူကလီးယားဓာတ်အားပေးစက်ရုံတွင် မရှိမဖြစ် အရေးပါသည့် အအေးခံခြင်းနှင့် ဘေးကင်းလုံခြုံရေးစနစ်များအတွက် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် လုပ်ဆောင်ခဲ့ရကြောင်းနှင့် စက်ရုံတွင် အလုပ်လုပ်ကိုင်ကြသည့် ပညာရှင်များကို ချီးကျူးကြောင်း သမ္မတဇီလန်းစကီးက ပြောသည်။

"ဓာတ်အားပြတ်တောက်သွားပြီးနောက် တကယ်လို့ ဒီဇယ်မီးစက်တွေသာ အချိန်မီ မမောင်းနိုင်ခဲ့ရင် ကျွန်တော်တို့ ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည် မတော်တဆမှုရဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့ ကျော်ဖြတ်နေကြရပြီ" ဟု ယူကရိန်းသမ္မတက ပြောသည်။

၎င်း၏ အဆိုအရ ဩဂုတ်လ (၂၅) ရက်နေ့တွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် အနီးအနားရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စွန့်ပစ်ပြာများအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ဓာတ်အားလိုင်း ပျက်စီးမှုဖြစ်ပေါပြီး Zaporozhzhia နျူကလီးယားစက်ရုံကို မဟာဓာတ်အားလိုင်းမှ ဓာတ်အားပို့လွှတ်မှု ပြတ်တောက်သွားခဲ့သည်ဟု သိရသည်။ 

ရုရှားအစိုးရ တာဝန်ရှိသူတစ်ဦးကမူ ထိုဖြစ်ရပ်အတွက် ယူကရိန်းကို အပြစ်ဖို့ခဲ့သည်။

ဥရောပတွင် အကြီးဆုံးဖြစ်သည့် အဆိုပါ နျူကလီးယားဓာတ်အားပေးစက်ရုံအနီး တိုက်ခိုက်နေမှုအပေါ်  စိုးရိမ်ပူပန်မှုများလည်း မြင့်တက်နေသည်။ 

 Source: BBC, Reuters