ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင်များ သိသိသာသာ ဆုံးရှုံးမှု ရှိခဲ့ကြောင်း ပူတင်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဝန်ခံ

ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင်များ သိသိသာသာ ဆုံးရှုံးမှု ရှိခဲ့ကြောင်း ပူတင်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဝန်ခံ
By Mr John

 ယူကရိန်းတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ သိသိသာသာ ဆုံးရှုံးမှုရှိခဲ့ကြောင်း ကျူးကျော်မှု (၄၄) ရက်ရှိလာချိန်တွင် ရုရှားက ဝန်ခံလိုက်သည်။ သေကျေဒဏ်ရာရမှုများက မိမိတို့အတွက် အလွန်ကြီးမားသည့် ကြေကွဲဝမ်းနည်းစရာဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ဗြိတိန်သတင်းဌာန Sky News ကို ပြောခဲ့သည်။

ရုရှားအနေဖြင့် လာမည့်ရက်များအတွင်း စစ်ပွဲရည်မှန်းချက်များ ပြီးမြောက်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကဆိုသည်။ 



ကုလသမဂ္ဂက ရုရှားကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ဆိုင်းငံ့လိုက်ပြီးနောက် ပက်စ်ကော့ဗ်၏ မှတ်ချက်ပြုမှု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ၉၃ နိုင်ငံက လုံခြုံရေးကောင်စီကနေ ရုရှားကို ဆိုင်းငံ့ထားရန် ထောက်ခံမဲ့ပေးခဲ့ကြသည်။

ရုရှားတပ်ဖွဲ့တွေက အစောပိုင်းမှာ ၎င်းတို့ သိမ်းပိုက်ထားခဲ့သည့် ယူကရိန်းမြောက်ပိုင်းရှိ ဘူချာမြို့တွင် အစုလိုက်အပြုံလိုက် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုများရှိလာခဲ့ပြီးနောက် ရုရှားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ 



ရုရှားကလည်း ထိုသို့ ဆုံးဖြတ်လိုက်ခြင်းကို တုံ့ပြန်မှုအဖြစ် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ယူကရိန်းတွင် လက်ရှိဖြစ်ပွားနေသည့် လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကို အထူးစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။ ဘူချာမြို့တွင် ကြိုးတပ်ပြီး အနီးကပ် ပစ်သတ်ခံထားရသည့် အရပ်သား ရုပ်အလောင်းများနှင့် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ရာ ကမ္ဘာတဝန်း ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။ 



ဘူချာမြို့အပြင် ကိဗ်မြို့အနီးရှိ Borodyanka မြို့တွင်လည်း ရုရှားတပ်ဖွဲ့တွေက နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးက စွပ်စွဲခဲ့သည်။ ရုရှားသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ပက်စ်ကော့ဗ်ကမူ ဘူချာမြို့တွင် ရုရှားတပ်ဖွဲ့တွေက အရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

"ကျွန်တော်တို့က အတုအယောင်နဲ့ အလိမ်အညာ နေ့ရက်တွေထဲမှာ ရှင်သန်နေထိုင်နေကြရတာပဲ" ဟု ၎င်းကဆိုသည်။ 



ဘူချာမြို့မှ အရပ်သားများ သတ်ဖြတ်ခံထားရသည့် ပုံတွေက ပြင်ဆင်ဖန်တီးထားခြင်းဖြစ်သည်ဟုလည်း ပက်စ်ကော့ဗ်က အထောက်အထားမဲ့ ပြောဆိုခဲ့သည်။ သို့သော် ယူကရိန်းတွင် ရုရှားတပ်ဖွဲ့များ သိသိသာသာ ဆုံးရှုံးခဲ့ရကြောင်း ၎င်း၏ ဝန်ခံမှုက အထင်အရှားဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်ကတည်းက သမ္မတပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့သူ ပက်စ်ကော့ဗ်က ရုရှားအနေဖြင့် စစ်ပွဲအဆုံးသတ်ရန် နည်းလမ်းများရှာဖွေနေကြောင်းလည်း ပြောသည်။ 



"ကျွန်တော်တို့ စစ်တပ်က စစ်ဆင်ရေးပြီးဆုံးဖို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ လာမယ့်ရက်တွေထဲမှာ စစ်ဆင်ရေးပြီးမြောက်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပက်စ်ကော့ဗ်က ဆိုသည်။ ယခုအခါ ရုရှားတပ်ဖွဲ့တွေက ကိဗ်မြို့တော် အနီးတဝိုက် နယ်မြေများမှ ဆုတ်ခွာသွားကြပြီး ယူကရိန်းအရှေ့ပိုင်းကို အဓိက အာရုံစိုက်နေကြသော်လည်း တိုက်ခိုက်မှုများ ပြီးဆုံးတော့မည့်လက္ခဏာ မရှိသေးကြောင်း BBC က ဖော်ပြသည်။ 



မတ်လ (၂၅) ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာက ထုတ်ပြန်ချက်အရ စစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့ဝင် ၁,၃၅၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယူကရိန်းကမူ ရုရှားတပ်ဖွဲ့ဝင် ၁၉,၀၀၀ နီးပါးအထိ သေဆုံးခဲ့ကြောင်း ပြောသည်။ ရုရှားတပ်ဖွဲ့ဝင် သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး ရုရှားနှင့် ယူကရိန်း နှစ်ဘက်လုံး၏ ပြောကြားမှုများကို သီးခြား အတည်မပြုနိုင်ကြောင်း BBC သတင်းက ဖော်ပြသည်။

ကျူးကျော်စစ်အဖြစ် စတင်သည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့က စပြီး ယနေ့ ဧပြီလ(၉)ရက်နေ့အထိ ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင် ၇,၀၀၀ နှင့် ၁၅,၀၀၀ ကြား သေဆုံးခဲ့ကြောင်း အနောက်အုပ်စု ခေါင်းဆောင်များက ယုံကြည်ကြသည်။ 



Source: BBC

 

ဆက်စပ်သတင်း