ထိုင်းနိုင်ငံတွင် မပြင်းထန်သည့် COVID-19 ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာ

Photo: LightRocket via Getty Images
Photo: LightRocket via Getty Images
ထိုင်းနိုင်ငံတွင် မပြင်းထန်သည့် COVID-19 ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာ
By Mr John

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ဧရိယာနှင့် ခရီးသွားများလာရောက်ကြရာ အဓိကပြည်နယ်များတွင် မပြင်းထန်သော COVID-19 ကူးစက်မှုအသစ် အရေအတွက် မြင့်တက်နေကြောင်းနှင့် ကူးစက်ခံရသူများတွင် အဆုတ်ရောင်ရမ်းမှု ဖြစ်နေကြကြောင်း ရောဂါထိန်းချုပ်ရေးဌာနက ပြောသည်။ 

ကူးစက်ရောဂါဆိုင်ရာဌာန ညွန်ကြားရေးမှူး ဒေါက်တာ Chakarat Pitayawong-anon ၏ ဇူလိုင်လ (၄) ရက်နေ့ ပြောကြားမှုအရ National Health Security Office စာရင်းတွင် ကိုယ်တိုင်သီးခြားခွဲနေထိုင်သည့် ပြင်ပလူနာ အရေအတွက်မှာ ဇွန်လ (၂၆) ရက်မှ ဇူလိုင်လ (၂) ရက်အထိ တစ်ပတ်အတွင်း (၂၀၇,၀၀၀) ကျော် ဖြစ်လာခဲ့ရာ ပြီးခဲ့သည့် သီတင်းပတ်က (၁၉၁,၀၀၀) ရှိခဲ့ရာမှ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထို့အတူ နေ့အလိုက် မပြင်းထန်သည့် ရောဂါလက္ခဏာများရှိသော ကူးစက်မှုများနှင့် နေအိမ်တွင် သီးခြားခွဲနေထိုင်မှုမှာလည်း ဇွန်လ (၂၆) ရက်မှ ဇူလိုင်လ (၂) ရက်အထိ တစ်ပတ်အတွင်း နေ့စဥ် ၁၄,၀၀၀-၁၅,၀၀၀ ရှိခဲ့ကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်က ၁၀,၀၀၀ ကျော်ရုံမျှ တွေ့ရှိခဲ့ရာမှ မြင့်တက်လာခဲ့သည်။ 

"ဒါက COVID-19 ဟာ မိသားစုဝင်တွေကြား ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့နေတယ်လို့ ပြသနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြင်ပလူနာအရေအတွက် တော်တော်လေးကို သိသိသာသာ တိုးလာပါတယ်" ဟု ဒေါက်တာ Chakarat က ပြောသည်။

ကူးစက်မှုများ မြင့်တက်မှုကို ဘန်ကောက်မြို့တော်ဧရိယာနှင့် ခရီးသွားများလာရောက်ကြရာ အဓိကပြည်နယ်ကြီးများတွင် အဓိက တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ 

သေးငယ်သည့် ပြည်နယ်များတွင်မူ COVID-19 ကူးစက်မှုများ ကျဆင်းသွားကြောင်း ၎င်းကဆိုသည်။ 

"ဘန်ကောက်မြို့တော်ဧရိယာနဲ့ ခရီးသွားတွေလာရောက်ကြတဲ့ ပြည်နယ်များအတွင်း လူစည်ကားရာ နေရာတွေမှာရှိနေချိန် သို့မဟုတ် အများပြည်သူ သယ်ယူပို့ဆောင်ရေး အသုံးပြုချိန်မှာ mask တပ်ထားသင့်တယ်"ဟုလည်း ဒေါက်တာ Chakarat က အကြံပြုခဲ့သည်။

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်မှုအသစ်များ နောက်သီတင်းပတ် (၁၀) ပတ်အတွင်း မြင့်တက်လာနိုင်သော်လည်း အရေအတွက်မှာ ကာကွယ်ဆေးထိုးထားခြင်းနှင့် တစ်ကိုယ်ရည်ကာကွယ်မှု လုပ်ဆောင်ခြင်းတို့ကြောင့် ပြီးခဲ့သည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအတွင်းမှာကဲ့သို့ အစပိုင်းတွင် မြင့်မားမည်မဟုတ်ဟု ဆိုသည်။ 

တစ်ကိုယ်ရည်ကာကွယ်မှုမှာ ကူးစက်မှုအသစ်များ ထိန်းချုပ်ရေးတွင် အဓိကကျကြောင်းလည်း ဒေါက်တာ Chakarat က ပြောသည်။

အဆုတ်ရောင်ရမ်းမှုနှင့်အတူ COVID-19 လူနာအရေအတွက်မှာ ပြီးခဲ့သည့် သီတင်းပတ်တွင် မြင့်တက်လာခဲ့ကြောင်း ၎င်းကဆိုသည်။ 

ဆေးရုံတက်ရသည့် လူနာအရေအတွက်မှာလည်း အနည်းငယ် တိုးလာခဲ့ကြောင်းနှင့် အသက်ရှူစက်တပ်ရသူ အရေအတွက်မှာ တည်ငြိမ်နေခဲ့ကြောင်း သိရသည်။ 

အပတ်စဥ် COIVD-19 ကြောင့် သေဆုံးသူအရေအတွက်မှာ ပြီးခဲ့သည့် သီတင်းပတ်တွင် (၁၀၆) ဦးရှိခဲ့ရာ ယခင်တစ်ပတ်က (၁၆၁) ဦး သေဆုံးခဲ့ရာမှာ လျော့ကျသွားခဲ့သည်။

"အခုနောက်ဆုံး သေဆုံးခဲ့သူအားလုံးက သက်ကြီးရွယ်အိုတွေနဲ့ နဂိုရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ သူတို့ထဲက (၅၀) ရာခိုင်နှုန်းက ကာကွယ်ဆေး လုံဝး မထိုးထားသူတွေပါ။ (၃၀) ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးထိုးခဲ့တာ (၃) လကျော်ကြာပြီ ဖြစ်ပါတယ်။ အိုမီခရွန်မျိုးကွဲကို ရင်ဆိုင်ဖို့က ကာကွယ်ဆေး (၂) ကြိမ်းထိုးတာနဲ့ မလုံလောက်ပါဘူး။ တတိယအကြိမ်နဲ့ စတုတ္တအကြိမ် ကာကွယ်ဆေးထိုးဖို့ လိုပါတယ်"ဟု ဒေါက်တာ Chakarat က ပြောသည်။

Source: Bangkok Post