ထိုင်း - မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးသယ်သူ (၉) ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၁) သန်းနှင့်အတူ အသေဖမ်းဆီးရမိ

Photo: Maesaipress
Photo: Maesaipress
ထိုင်း - မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးသယ်သူ (၉) ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၁) သန်းနှင့်အတူ အသေဖမ်းဆီးရမိ
By Mr John

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသအတွင်း မြန်မာနယ်စပ်မှ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်တပ်တို့ကြား ၂၀၂၂ ခုနှစ် မေလ (၂၇)ရက်နေ့ ညပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် မူးယစ်ဆေးသယ်သည့်အဖွဲ့မှ (၉) ဦးကို အသေဖမ်းမိကာ စိတ်ကြွရူးသွပ်ဆေးပြား (၁) သန်းဝန်းကျင်ကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။

မူးယစ်ဆေးဂိုဏ်းတစ်ခုက မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးများ ခိုးသယ်မည့်သတင်းအရ ထိုင်းနယ်ခြားစောင့်တပပ်က မဲ့ဖားလုံဝန်းကျင်ရှိ မြန်မာနယ်စပ်ဘက်ကို ကင်းလှည့်စစ်ဆေးနေစဉ်  နယ်စပ်တောင်ကြောလမ်းကြောင်းအတိုင်း လမ်းလျှောက်လာသည့် လူ (၁၀) ဦးအဖွဲ့ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကျောပိုးအိတ်များသယ်လာသည့် အဆိုပါအဖွဲ့အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စတင်ပစ်ခတ်၍ ထိုင်းနယ်ခြားစောင့်တပ်နှင့် အပြန်အလှန်ပပစ်ခတ်မှု (၁၅)မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားရာနေရာအား နံနက်လင်းချိန်တွင် ရှာဖွေရှင်းလင်းခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား  (၁) သန်းဝန်းကျင်ပါဝင်သည့် ကျောပိုးအိတ် (၁၂) လုံးနှင့် သေဆုံးနေသည့် အမျိုးသား (၉) ဦးကို တွေ့ရကြောင်း သိရသည်။

လတ်တလောကာလအတွင်းမှာပပင် ထိုင်းနိုင်ငံအတွင်း  မူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်သော ပိုင်ဆိုင်မှုများအဖြစ် ချင်းရိုင်တွင် ထိုင်းဘတ်ငွေ (၁.၂) သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုများ၊ ဘန်ကောက်တွင် ဘတ် (၈.၁) သန်း တန်ဖိုးရှိ ကားတစ်စီး၊ အိမ်တစ်လုံးနှင့် သေနတ်တစ်လက်ကို သိမ်းဆည်းရမိထားပြီး ဖူးခက်တွင် ဘတ် (၆၂) သန်း တန်ဖိုးရှိ ကုမ္ပဏီသုံးခု၊ စားသောက်ဆိုင်တစ်ဆိုင်၊ ဈေးဆိုင်နှစ်ဆိုင်နှင့် နေအိမ်နှစ်လုံး၊ နာရတ်သီဝပ်တွင် ဘတ် (၄၂.၁၁) သန်း တန်ဖိုးရှိ မော်တော်ဆိုင်ကယ်သုံးစီး၊ မြေနှစ်ကွက်၊ အိမ်နှစ်လုံး၊ အိမ်ရာတစ်ခုနှင့် မြေတူးစက်ခြောက်စီးတို့ကို သိမ်းဆည်းထားကြောင်း တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရုံး အထူးအကြံပေးပုဂ္ဂိုလ် Pol. Gen. Montree Yimyam က Chiang Rai News ကို ပြောသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း မူးယစ်ဆေးဝါး မှောင်ခိုသမားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို စုံစမ်းစစ်ဆေးမှုများအရ ယခုပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

Source: CTN News