COVID-19 ကူးစက်မှုလှိုင်း ရင်ဆိုင်နေရသည့် မြောက်ကိုရီးယားတွင် ကူးစက်ရောဂါတစ်ခု ထပ်တိုး

COVID-19 ကူးစက်မှုလှိုင်း ရင်ဆိုင်နေရသည့် မြောက်ကိုရီးယားတွင် ကူးစက်ရောဂါတစ်ခု ထပ်တိုး
By Mr John

COVID-19 ကူးစက်မှုလှိုင်း ရင်ဆိုင်နေရသည့် မြောက်ကိုရီးယားနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးနယ်မြေတစ်ခု၌ အမည်မသိ အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှု တွေ့ရှိရကြောင်း ဇွန်လ (၁၅) ရက်နေ့က အစိုးရသတင်းဌာနက သတင်းဖော်ပြသည်။ 

ကာလရှည်ကြာ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြင့် ရုန်းကန်နေရသော အထီးကျန်နိုင်ငံ မြောက်ကိုရီးယားအတွက် ယခုအခြေအနေက နောက်ထပ် အကျပ်အတည်းတစ်ခု ဖြစ်လာသည်။ 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်က အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ခံစားနေရသူတွေကို ကူညီရန် နိုင်ငံအနောက်ပိုင်း ဆိပ်ကမ်းမြို့ Haeju သို့ ဇွန်လ (၁၅) ရက်နေ့တွင် ဆေးဝါးများ ပို့ဆောင်စေခဲ့ကြောင်း KCNA သတင်းဌာနက ပြောသည်။ 

ထိုကူးစက်ရောဂါ ဖြစ်ပွားနေသူ အရေအတွက်နှင့် ရောဂါအမည်ကိုတော့ KCNA က မဖော်ပြထားပေ။

"သံသယရှိ လူနာတွေကို ကွာရန်တင်းလုပ်ခြင်း၊ ရောဂါဖြစ်သူကို အတည်ပြုခြင်းနှင့် သိပ္ပံဆိုင်ရာ စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ခြင်းတို့ဖြင့် ကောင်းမွန်သည့် အစီအမံများ ဆောင်ရွက်ပြီး ကူးစက်ရောဂါကို အစောပိုင်းရက်တွင် ထိန်းချုပ်ရန် ကင်မ်ဂျုံအန်က အလေးထား ပြောခဲ့ကြောင်း" KCNA က ဖော်ပြသည်။ 

တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိမိတို့အစိုးရအနေဖြင့် မြောက်ကိုရီးယားတွင် ကူးစက်ရောဂါဖြစ်ပွားနေမှုကို စောင့်ကြည့်နေကြောင်းနှင့် ကာလဝမ်းရောဂါ သို့မဟုတ် အူရောင်ငန်းဖျားရောဂါဟု သံသယရှိကြောင်း ပြောခဲ့သည်။

မြောက်ကိုရီးယားတွင် COVID-19 ကူးစက်မှုများလည်း ဆက်လက် ဖြစ်ပွားနေပြီး ဇွန်လ (၁၅) ရက်နေ့က အဖျားရောဂါလက္ခဏာရှိသူ ၂၆,၀၁၀ တွေ့ရှိရကြောင်းနှင့် ဧပြီလကုန်ပိုင်းမှစပြီး အဖျားရောဂါလူနာ စုစုပေါင်းအရေအတွက်မှာ (၄.၅၆) သန်းဖြစ်ကြောင်း သိရသည်။ 

မြောက်ကိုရီးယားတွင် COVID-19 ဖြစ်နိုင်သည့် အဖျားရောဂါနှင့် သေဆုံးသူ စုစုပေါင်း (၇၃) ဦးရှိခဲ့သည်ဟု KCNA သတင်းက ဆိုသည်။ 

မြောက်ကိုရီးယားက COVID-19 လူနာများဖြစ်ကြောင်း မသတ်မှတ်ဘဲ အဖျားရောဂါလူနာ အရေအတွက်ကိုသာ နေ့စဥ် ထုတ်ပြန်နေခဲ့ခြင်း ဖြစ်သည်။

Source: Reuters