နဂါးငွေ့တန်း ကြယ်စင်စုအလယ်ဗဟိုရှိ တွင်းနက်ကြီး၏ ပထမဆုံးပုံရိပ်ကို သိပ္ပံပညာရှင်များ ထုတ်ဖော်ပြသ

နဂါးငွေ့တန်း ကြယ်စင်စုအလယ်ဗဟိုရှိ တွင်းနက်ကြီး၏ ပထမဆုံးပုံရိပ်ကို သိပ္ပံပညာရှင်များ ထုတ်ဖော်ပြသ
By Mr John

နိုင်ငံတကာ သိပ္ပံပညာရှင်များက နဂါးငွေ့တန်း ကြယ်စင်စု (Milky Way Galaxy) အလယ်ဗဟိုရှိ အလွန်ကြီးမားသည့်တွင်းနက်တစ်ခု၏ ပထမဆုံးပုံကို မေလ (၁၂) ရက်နေ့တွင် ထုတ်ဖော်ပြသလိုက်သည်။

Sagittarius A* သို့မဟုတ် Sgr A* ဟုခေါ်သည့် တွင်းနက်မှာ ယခုအချိန်အထိ ရိုက်ကူးရခဲ့သည့် ဒုတိယမြောက် တွင်းနက်ပုံလည်း ဖြစ်ပြီး  ထိုတွင်းနက်ပုံကို နိုင်ငံတကာသိပ္ပံပညာရှင်အဖွဲ့ Event Horizon Telescope (EHT) က ရရှိခဲ့ခြင်းဖြစ်ရာ ထိုအဖွဲ့က ၂၀၁၉ ခုနှစ်အတွင်း တွင်းနက်တစ်ခု၏ ပထမဆုံးပုံကို ထုတ်ဖော်ပြသခဲ့ကြောင်းလည်း သိရသည်။

ပထမဆုံး တွင်းနက်ပုံမှာ မစ်ကီးဝေးကြယ်စုစင်မှ မဟုတ်ဘဲ အခြား ကြယ်စင်စုတစ်ခု၏ အလယ်ဗဟိုမှဖြစ်သည်ဟု ဆိုသည်။



ယခု ထုတ်ဖော်ပြသလိုက်သည့် တွင်းနက်ကြီးမှာ အကြမ်းဖျင်းအားဖြင့် မိုင်ပေါင်း သန်း (၄၀) အကျယ်ရှိကြောင်း သိရသည်။ ထိုတွင်းနက်ကြီးမှာ နေအဖွဲ့အစည်းမှ အလင်းနှစ်ပေါင်း ၂၆,၀၀၀ ခန့်အကွာတွင် တည်ရှိနေရာ ကမ္ဘာမြေအတွက် အန္တရာယ်ဖြစ်မလာနိုင်ဟု ဆိုသည်။

"Sagittarius A* တွင်းနက်ကြီးရဲ့ အကောင်းဆုံးပုံကို ဒီနေ့ ပြသရတာက အလွန်စိတ်လှုပ်ရှားစရာကောင်းပါတယ်" ဟု EHT ပရော့ဂျက်ဒါရိုက်တာ Huib van Langevelde က ဂျာမနီနိုင်ငံ Garching မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။



တွင်းနက်များမှာ အာကာသအတွင်းရှိ နေရာများဖြစ်ပြီး ဆွဲငင်အား အလွန်ပြင်းထန်ပြီး အလင်းအပါအဝင် မည်သည့်အရာမျှ မလွတ်မြောက်နိုင်ဘဲ ဆွဲငင်သွားနိုင်ကြောင်း သိရသည်။

တွင်းနက်မှာ လုံးဝမဲမှောင်နေမှုကြောင့် ၎င်းကို ဓာတ်ပုံရိုက်ယူရန် မဖြစ်နိုင်သော်လည်း တွင်းနက်ပတ်လည်တွင် ဓာတ်ငွေ့များတောက်လောင် ထွက်ပေါ်လာချိန်တွင်မူ တောက်ပသည့် အလင်းကွင်းဝိုင်းကြီးအဖြစ် မြင်တွေ့မှတ်တမ်းတင်နိုင်သည်။



"ဒီမကြုံစဖူး လေ့လာတွေ့ရှိမှုတွေက ကျနော်တို့ ကြယ်စင်စုရဲ့ အလယ်ဗဟိုချက်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ကျနော်တို့ နားလည်သဘောပေါက်မှုကို အများကြီး တိုးလာစေပါတယ်" ဟု ထိုင်ဝမ် Academia Sinica မှ EHT ပရောဂျက်သိပ္ပံပညာရှင် Geoffrey Bower က ပြောသည်။

နဂါးငွေ့တန်း ကြယ်စင်စု၏ တွင်းနက်နှင် ပတ်သက်သည့် လေ့လာတွေ့ရှိချက်များကို The Astrophysical Journal တွင် ဖော်ပြထားကြောင်း သိရသည်။



တွင်းနက်ဆိုတာ ဘာလဲ

  • - တွင်းနက်တစ်ခုသည် အာကာသအတွင်းရှိ နေရာတစ်ခုဖြစ်ပြီး အရာဝတ္ထုပစ္စည်းမှန်သမျှ ၎င်းထဲသို့ သူ့အလိုလို ပြိုကျပျက်စီးသွားသည်။
  • - တွင်းနက်၏ ဆွဲငင်အားမှာ အလွန်ပြင်းထန်ပြီး အလင်းအပါအဝင် မည်သည့်အရာမှ မလွတ်မြောက်နိုင်ပေ။
  • - တွင်းနက်များမှာ ကြီးမားသော ကြယ်အချို့ ပေါက်ကွဲရာမှ ထွက်ပေါ်လာသည်။
  • - သို့သော် တွင်းနက်အချို့မှာ အလွန်ကြီးမားလှပြီး နေ၏အရွယ်အစားထက် အဆပေါင်း ဘီလီယံနှင့်ချီရှိသည်။
  • - ကြယ်စင်စု အလယ်ဗဟိုတွင်တွေ့ရသည့် ထိုဧရာမတွင်းနက်ကြီးများ မည်သို့ ဖွဲ့စည်းပုံကို မသိရပါ။
  • - သို့သော် တွင်းနက်များက ကြယ်စင်စုကို စွမ်းအင်ပေးထားပြီး ကြယ်စင်စု၏ ဆင့်ကဲဖြစ်စဥ်အပေါ် သက်ရောက်မှုရှိသည်။

Source: Straits Times, BBC, Reuters