COVID-19 ကူးစက်မှုလှိုင်း ရင်ဆိုင်နေရသည့် မြောက်ကိုရီးယားတွင် မြစ်များ၊ လေထုနှင့် အမှိုက်များကိုလည်း ဗိုင်းရပ်စ် စစ်ဆေးနေဟုဆို

  [ Photo : AFP ]
[ Photo : AFP ]
COVID-19 ကူးစက်မှုလှိုင်း ရင်ဆိုင်နေရသည့် မြောက်ကိုရီးယားတွင် မြစ်များ၊ လေထုနှင့် အမှိုက်များကိုလည်း ဗိုင်းရပ်စ် စစ်ဆေးနေဟုဆို
By Mr John

မြောက်ကိုရီးယားတွင် COVID-19 ကူးစက်မှုတိုက်ဖျက်ရေး အပြင်းအထန် ဆောင်ရွက်နေရာ ကျန်းမာရေးအရာရှိတွေက မြစ်များ၊ ရေကန်များ၊ လေထုနှင့် နေအိမ်မှ စွန့်ပစ်သည့် ရေဆိုးနှင့် အမှိုက်များကိုပါ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနေကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က မေလ (၂၇) ရက်နေ့တွင် ပြောသည်။

အထီးကျန်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားတွင် ယခုလအတွင်း အရေးပေါ်အခြေအနေကြေညာကာ တစ်နိုင်ငံလုံးကို lockdown လုပ်ခဲ့ပြီးကတည်းက မကြုံစဖူး COVID-19 ကူးစက်မှုလှိုင်းကို ထိန်းချုပ်နိုင်ရေး အပူတပြင်း လုပ်ဆောင်နေခဲ့ရသည်။

မြောက်ကိုရီးယားတွင် ကာကွယ်ဆေးမရှိခြင်း၊ ဆေးဝါးအထောက်အကူနှင့် စားနပ်ရိက္ခာပြတ်လပ်မှုများအပေါ် စိုးရိမ်ပူပန်မှု တိုးလာနေသည်ဟု ဆိုသည်။

အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းတို့ကို နိုင်ငံတဝန်း လုပ်ဆောင်နေကြောင်း KCNA က ပြောသည်။

မြောက်ကိုရီးယားတွင် ယခုသီတင်းပတ်အတွင်း ဖျားနာသူဦးရေ ထပ်တိုးမလာခြင်းနှင့် သေဆုံးမှုနှုန်းမှာ ယခင်ကထက် လျော့ကျသွားခြင်း အပါအဝင် COVID-19 ကူးစက်ဖြစ်ပွားမှု တည်ငြိမ်စပြုလာပြီး ထိန်းချုပ်လာနိုင်သည့်အခြေအနေဟု ဆိုသည်။

မေလ (၂၆) ရက် ညပိုင်း ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားတွင် ဖျားနာလက္ခဏာရှိသူ ၁၀၀,၄၆၀ တွေ့ရပြီး လွန်ခဲ့သည့် (၁၀) ရက်က ၄၀၀,၀၀၀ နီးပါးတွေ့ခဲ့ရာမှ လျော့နည်းသွားခဲ့ကြောင်း KCNA က ကပ်ရောဂါကာကွယ်တားဆီးရေးဌာနချုပ်၏ အချက်အလက်ကို ကိုးကားဖော်ပြသည်။

လူဦးရေ (၂၅) သန်းရှိ မြောက်ကိုရီးယားတွင် ဧပြီလကတည်းက တွေ့ရှိလာရသည့် ဖျားနာသည့် လူနာအရေအတွက် စုစုပေါင်းမှာ (၃) သန်းကျော် (၃,၂၇၀,၈၅၀) နှင့် သေဆုံးဦးရေ (၆၉) ဦး ဖြစ်လာကြောင်း သိရသည်။

မြောက်ကိုရီးယား ဗိုင်းရပ်စ်တိုက်ဖျက်ရေးဌာနများက နေရာအများအပြားမှ ဓာတ်ခွဲနမူနာများကို စုဆောင်းရယူပြီး ထိုနေရာများတွင် COVID-19 ကူးစက်မှုရှိ မရှိ စစ်ဆေးရန်လုပ်ဆောင်ကြကြောင်း KCNA က ဆိုသည်။

"အရေးပေါ် ကပ်ရောဂါတိုက်ဖျက်ရေးဌာနတွေက မြစ်များနှင့် ရေကန်များမှ ဓာတ်ခွဲနမူနာများကို စစ်ဆေးနေပြီး ကုဗမီတာ ထောင်ပေါင်းများစွာရှိသော ရေဆိုးများနှင့် တန်ချိန် ထောင်နှင့်ချီသည့် အမှိုက်များကို နေ့စဥ် ပိုးသတ်ဆေးဖြန်းခြင်းနှင့် ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်းတို့ လုပ်ဆောင်နေသည်" ဟု KCNA က ပြောသည်။

KCNA က စစ်ဆေးမှုနည်းလမ်းကိုမူ ထုတ်ဖော်ပြောခဲ့ခြင်းမရှိပေ။

မြောက်ကိုရီးယားက COVID-19 စစ်ဆေးရန် ပြည်တွင်း၌တွင် polymerase chain reaction (PCR) စစ်ဆေးကိရိယာ ထုတ်လုပ်ခဲ့ကြောင်း ယမန်နှစ်အတွင်း ပြောခဲ့သော်လည်း လူဦးရေမည်မျှတွင် ကပ်ရောဂါစစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုခဲ့ခြင်းမရှိဘဲ ဖျားလက္ခဏာရှိသူ အရေအတွက်ကိုသာ ထုတ်ပြန်နေခဲ့သည်။

မြောက်ကိုရီးယားက တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများမှာ မပြည့်စုံနိုင်ကြောင်းနှင့် အမှန်တကယ် ဖြစ်ပွားနေသည့် အခြေအနေကို သိရှိရန် ခက်ခဲကြောင်း ကျွမ်းကျင်သူများက ပြောသည်။

KCNA က ထုတ်လွှင့်ပြသည့် သတင်းဗီဒီယိုတွင် ရောဂါကူးစက်မှုကာကွယ်ရေးဝတ်စုံနှင့် ဆေးဘက်သုံး masks များ တပ်ဆင်ထားသည့် အရာရှိအုပ်စုတစ်ခုက "ဓာတ်ခွဲနမူနာသေတ္တာ" သို့မဟုတ် "ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စစ်ဆေးကိရိယာ" ဟု စာတန်းရေးထိုးထားသော သေတ္တာများသယ်ဆောင်နေတာကို တွေ့ရသည်။

"အရာရှိတွေက ဖျားနေတဲ့လူတွေထံမှ ဓာတ်ခွဲနမူနာများ စုဆောင်းရယူနေပါတယ်။ ပြုံယမ်းမြို့ရှိ ရေစက်ရုံတွေမှာ ထုတ်လုပ်ထားတဲ့ သောက်ရေကို သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းကြောင်း သေချာစေရန် စစ်ဆေးနေပါတယ်" ဟု Pyongyang Municipal Hygienic ‌and Anti-epidemic Centre ၏ ဒုတိယအကြီးအကဲ Jo Chol Ung က ထိုသတင်းဗီဒီယိုတွင် ပြောထားသည်။

Source: Reuters