လုံခြုံရေးနှင့် ပတ်သက်၍  ပံ့ပိုးကူညီမည်ဟု တရုတ် သမ္မတ ရှီကျင့်ဖျင့်က ပူတင်ကို ပြော 

တရုတ်သမ္မတရှီကျင့်ဖျင် နှင့်  ရုရှားသမ္မတ ဗလာဒီမာပူတင်
တရုတ်သမ္မတရှီကျင့်ဖျင် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်
လုံခြုံရေးနှင့် ပတ်သက်၍  ပံ့ပိုးကူညီမည်ဟု တရုတ် သမ္မတ ရှီကျင့်ဖျင့်က ပူတင်ကို ပြော 
By Mr John

ရုရှားအတွက် အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိစ္စများတွင် ၎င်း၏ ပံ့ပိုးကူညီမှုကို တရုတ်သမ္မတရှီကျင့်ဖျင်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဇွန်လ (၁၅) ရက်နေ့ ဖုန်းဆက်သွယ်မှုအတွင်း ထပ်လောင်းပြောခဲ့သည်ဟု ဆိုသည်။ 

ရုရှားက ယူကရိန်းနိုင်ငံအပေါ်  ကျူးကျော်တိုက်ခိုက်မှုကို ကမ္ဘာတဝန်းက ဆန့်ကျင်ကန့်ကွက်သည့် တုံ့ပြန်မှုများရှိနေခဲ့သော်လည်း နှစ်နိုင်ငံ မိတ်ဖက်ဖြစ်မှုအတွက် တရုတ်က ၎င်း၏ ထောက်ခံမှုအတိုင်း ဆက်လက်ရပ်တည်ခဲ့သည်။

ရှီကျင့်ဖျင်က ၎င်း၏ အသက် (၆၉) နှစ်ပြည့် မွေးနေ့တွင် ရုရှားသမ္မတပူတင်နှင့် ဖုန်းဆက်သွယ်ခဲ့မှုအတွင်း နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဟုလည်း ကတိပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

ရုရှားသမ္မတနန်းတော်၏ သီးခြားထုတ်ပြန်ချက်တွင် ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံဆက်ဆံရေးမှာ အချိန်တိုင်းတွင် ကောင်းမွန်ခဲ့ကြောင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုများ တသမတ်တည်း တိုးမြှင့်သွားရန် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ကြကြောင်း ဖော်ပြသည်။

ရှီကျင့်ဖျင်နှင့် ပူတင်တို့ကြား ယခုဖုန်းဆက်သွယ် စကားပြောမှုမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဒုတိယအကြိမ်လည်း ဖြစ်သည်။ 

ရုရှားက အထူးစစ်ဆင်ရေးတစ်ခုအဖြစ် အခိုင်အမာပြောထားသည့် ယူကရိန်းကို ကျူးကျော်မှုစတင်ခဲ့ပြီးနောက် ရက်ပိုင်းမျှအကြာတွင် ၎င်းတို့နှစ်ဦး ဖုန်းဆက်စကားပြောခဲ့ကြသေးကြောင်း သိရသည်။ 

တရုတ်ကလည်း ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ကြောင်း သုံးနှုန်းပြောဆိုမှု မရှိခဲ့ဘဲ ရုရှား၏လုပ်ရပ်ကို အခြား အင်အားကြီးနိုင်ငံများကဲ့သို့ ကန့်ကွက်ရှုတ်ခဲ့ခြင်း မရှိပေ။ 

 

Source: CNN