ဆီနီဂေါတွင် ဝါယာရှော့ကြောင့် ဆေးရုံမီးလောင်မှုအတွင်း မွေးကင်းစ ကလေး (၁၁) ဦး သေဆုံး

ဆီနီဂေါတွင် ဝါယာရှော့ကြောင့် ဆေးရုံမီးလောင်မှုအတွင်း မွေးကင်းစ ကလေး (၁၁) ဦး သေဆုံး
By Mr John

ဆီနီဂေါနိုင်ငံ အနောက်ပိုင်း Tivaouane မြို့ရှိ ဆေးရုံတစ်ရုံ၏ မွေးကင်းစကလေးဌာနတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် မွေးကင်းစကလေး (၁၁) ဦး သေဆုံးခဲ့ကြောင်း သမ္မတ Macky Sall က မေလ (၂၆) ရက်နေ့တွင် ပြောသည်။

Tivaouane မြို့ရှိ Mame Abdou Aziz Sy Dabakh ဆေးရုံ၏ မွေးကင်းစ ကလေးဌာနတွင် မေလ (၂၅) ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆီနီဂေါသမ္မတက မွေးကင်းစကလေးများ သေဆုံးခဲ့မှုအတွက် ဝမ်းနည်းတုန်လှုပ်ကြောင်းနှင့် မိခင်များနှင့် မိသားစုများကို အလေးအနက် ကရုဏာသက်မိကြောင်း ၎င်း၏ Twitter တွင် ရေးသားထားသည်။

မေလ (၂၆) ရက်တွင် ဆီနီဂေါကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုအစီအစဥ် လုပ်ဆောင်နေကြောင်းနှင့် သေဆုံးခဲ့သည့် မွေးကင်းစကလေးများ၏ မိသားစုများကို ကူညီရန်စီစဥ်ထားကြောင်း ဖော်ပြသည်။

ဆေးရုံမီးလောင်မှုသတင်း ကြားသိရပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း အစည်းအဝေးတက်ရောက်နေသည့် ကျန်းမာရေးဝန်ကြီး Abdoulaye Diouf Sarr က ၎င်း၏ခရီးစဥ်ရက်ကို လျှော့ချပြီး ဆီနီဂေါသို့ ချက်ချင်း ပြန်လာခဲ့ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်က ဆိုသည်။

ဆေးရုံမီးလောင်မှုမှာ ဝါယာရှော့ဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့သည်ဟု သိရှိရကြောင်း ကျန်းမာရေးဝန်ကြီး Diouf Sarr က မေလ (၂၆) ရက်နေ့တွင် ပြောသည်။

 

ပြည်ထဲရေးဝန်ကြီး Antoine Felix Abdoulaye Diome က မီးလောင်မှုဖြစ်ပွားခဲ့သည့် ဆေးရုံသို့ မေလ (၂၅) ရက် ညတွင်းချင်း လာရောက်ကြည့်ရှုခဲ့စဥ်အတွင်း သမ္မတ Macky Sall က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်ရန် ညွှန်ကြားခဲ့ကြောင်း သတင်းထောက်များကို ပြောထားခဲ့သည်။

"ဒါ့အပြင် ပြုစုစောင့်ရှောက်ရာမှာ စက်အကူအညီလိုတဲ့ မွေးကင်းစကလေးတွေအတွက် အသုံးပြုတဲ့ ပစ္စည်းကိရိယာအားလုံးနဲ့ အခြေခံအဆောက်အအုံကို ပြန်သုံးသပ်ဖို့လည်း သမ္မတက ပြောထားပါတယ်။ ကျွန်တော်တို့ ဒါတွေကို Tivaouane နဲ့ မွေးကင်းစကလေးဌာနရှိတဲ့ ဆီနီဂေါ ဆေးရုံအားလုံးမှာ လုပ်ဆောင်သွားမှာပါ" ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ဆေးရုံမီးလောင်မှုမှာ ဝါယာရှော့ဖြစ်မှုကြောင့်ဖြစ်ပြီး မီးလောင်မှုက အလွန်လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဆီနီဂေါနိုင်ငံရေးသမားတစ်ဦးဖြစ်သူ Diop Sy က အစောပိုင်းကတည်းက ပြောခဲ့သည်။

မီးလောင်မှုအတွင်း မွေးကင်းစကလေး (၃) ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု Tivaouane မြို့ မြို့တော်ဝန် Demba Diop က ဆိုသည်။

ပြည်တွင်းမီဒီယာတွင် ဖော်ပြမှုအရ ထိုဆေးရုံမှာ မကြာသေးမီက တရားဝင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Source: CNN, AFP