ဆုံးရှုံးခဲ့သော ပိုင်နက်နယ်မြေများ ပြန်မရရှိဘဲ ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီ [ Photo: PRESIDENT OF UKRAINE ]
ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီ [ Photo: PRESIDENT OF UKRAINE ]
ဆုံးရှုံးခဲ့သော ပိုင်နက်နယ်မြေများ ပြန်မရရှိဘဲ ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်
ဇူလိုင် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

 ယူကရိန်း၏ ဆုံးရှုံးခဲ့သော ပိုင်နက်နယ်မြေများ ပြန်လည်မရရှိဘဲ ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်ကြောင်းနှင့် စစ်ပွဲရှည်ကြာနေလိမ့်မည်သာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက Wall Street Journal နှင့် ဇူလိုင်လ (၂၂) ရက် အင်တာဗျူးတွင် ပြောခဲ့ကြောင်း သိရသည်။ 

ထို့အပြင် အပစ်အခတ်ရပ်စဲရေးက ဖေဖေါ်ဝါရီလအတွင်း ကျူးကျော်ခဲ့ချိန်မှစပြီး သိမ်းပိုက်ခဲ့သည့် ယူကရိန်းပိုင်နက်များကို ရုရှားက ဆက်လက် ထိန်းချုပ်ထားခွင့်ရစေလိမ့်မည်ဟုလည်း ဇီလန်းစကီးက သတိပေးခဲ့သည်။

အပစ်အခတ်ရပ်စဲခြင်းက ရုရှားအတွက် စစ်အင်အားဖြည့်တင်းရန်နှင့် လက်နက်တပ်ဆင်ရန် အခွင့်အလမ်းရစေပြီး ပဋိပက္ခကို ပိုမိုကျယ်ပြန့်စေမည်ဟုလည်း ယူကရိန်းသမ္မတက ပြောသည်။

"ရုရှားနဲ့ တိုက်ပွဲကို ရပ်ထားတာက ရုရှားအတွက် အနားယူဖို့ ခဏရပ်တာမျိုးပဲဖြစ်မယ်" ဟု ယူကရိန်းသမ္မတက ပြောကြောင်း Wall Street Journal က ဖော်ပြသည်။  

အမေရိကန်က ရွှေ့ပြောင်းနိုင်သော ဒုံးကျည်ပစ်လွှတ်စနစ် HIMARS များ ထောက်ပံ့မှုနှင့် ပတ်သက်၍လည်း ယူကရိန်းသမ္မတ ဇီလန်းစကီးက မှတ်ချက်ပြုခဲ့သည်။ 

အမေရိကန်၏ HIMARS များ ထောက်ပံ့မှုမှာ ယူကရိန်း၏ လိုအပ်ချက်ထက်က များစွာလျော့နည်းကြောင်း ဇီလန်းစကီးက ဆိုသည်။

"ပထမဆုံး ပိုင်နက်နယ်မြေအားလုံး လွတ်မြောက်ရမှာဖြစ်ပြီး အဲဒီနောက်မှ ဘာလုပ်မလဲဆိုတာနဲ့ ရှေ့လာမယ့် ရာစုနှစ်တွေမှာ ဘယ်လို နေထိုင်နိုင်မလဲဆိုတာ ကျနော်တို့ ဆွေးနွေးညှိနှိုင်းနိုင်တယ်လို့ လူထုက ယုံကြည်ထားတယ်" ဟု ယူကရိန်းသမ္မတက ပြောသည်။

"ရှေ့တန်းစစ်မျက်နှာနေရာတွေကနေ မိုင်ပေါင်း ရာနဲ့ချီ ဝေးကွာတဲ့ အေးချမ်းတဲ့မြို့တွေကို ရုရှားဘက်က တာဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကို တားဆီးနိုင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် ပိုပြီးလိုအပ်ပါတယ်" ဟုလည်း ဇီလန်းစကီးက ဖြည့်စွက်ပြောခဲ့သည်။ 

ထိုအတောအတွင်း ယူကရိန်းနှင့် ရုရှားတို့ကြား ပင်လယ်နက်မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ဂျုံတင်ပို့မှုများ ပြန်လည်စတင်ရန် သဘောတူညီမှုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရတ်စ်နှင့် တူရကီသမ္မတ Erdogan တို့ ဦးဆောင်သည့် အခမ်းအနားတစ်ရပ်ဖြင့် ဇူလိုင်လ (၂၂) ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ထိုသဘောတူညီမှုနှင့် ပတ်သက်၍ သံတမန်ရေး လိုက်လျောမှုများက ဈေးကွက်ကို အနည်းငယ်တည်ငြိမ်စေနိုင်ကြောင်း၊ သို့သော် ယာယီအတွက်သာ အစီအစဥ်ဖြစ်ပြီး အနာဂတ်တွင် ဈေးကွက်အခြေအနေ ပြန်လှုပ်လာမည်ဟု ဇီလန်းစကီးက ဆိုသည်။ 

ယူကရိန်းထံတွင် အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ တန်ဖိုးရှိသည့် ဂျုံများရောင်းရန်ရှိနေကြောင်း သမ္မတဇီလန်းစကီးက ဇူလိုင်လ (၂၂) ရက် ညပိုင်း မိန့်ခွန်းတွင် အတည်ပြုခဲ့သည်။

Source: Reuters