ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်သူ လူငယ် (၃) သန်းရှိကြောင်း လေ့လာတွေ့ရှိ

ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်သူ လူငယ် (၃) သန်းရှိကြောင်း လေ့လာတွေ့ရှိ
ဇူလိုင် 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် ရဲတပ်ဖွဲ့က အွန်လိုင်းလောင်းကစားလုပ်ငန်းဖြင့် သံသယရှိသူများကို နေ့စဥ် ဖမ်းဆီးနေပြီး ထိုသို့ ဖမ်းဆီးရာ၌ အွန်လိုင်းလောင်းကစားလုပ်ငန်းကို ကြော်ငြာပေးနေသော ထင်ရှားကျော်ကြားသူများလည်း ပါဝင်သည်။ 

အာဏာပိုင်များက အွန်လိုင်းလောင်းကစားကို အာရုံစိုက် နှိမ်နင်းနေသော်လည်း ထိုင်းနိုင်ငံတွင် လူငယ် (၃) သန်းနီးပါးမှာ အွန်လိုင်းလောင်းကစား လုပ်နေကြသည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လေ့လာတွေ့ရှိမှုအရ သိရှိရသည်။

Gambling Problem Education Center က ပြုလုပ်ခဲ့သော လေ့လာမှုအရ လွန်ခဲ့သည့် (၁၂) လအတွင်း ထိုင်းလူငယ် (၃၂.၃) ရာခိုင်နှုန်း သို့မဟုတ် (၃) သန်းနီးပါးက အွန်လိုင်းလောင်းကစားလုပ်ကြသည်ကို တွေ့ရသည်။ 

ထိုလေ့လာတွေ့ရှိမှုအရ အွန်လိုင်းလောင်းကစားလုပ်ကြသည့် လူငယ်များအနက် (၂၃) ရာခိုင်နှုန်းခန့်မှာ ပြဿနာကြုံနေသည့် လောင်းကစားသမားများ ဖြစ်လာကြကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကျွမ်းကျင်သူများထံမှ အကူအညီ လိုအပ်နေသည်ဟု ဆိုသည်။

အွန်လိုင်းလောင်းကစားလုပ်ပြီး ပြဿနာကြုံနေသည့် လူငယ်အုပ်စုများတွင် ခန့်မှန်းခြေအားဖြင့် အသက် (၁၅) နှစ်မှ (၁၈) နှစ်အရွယ် (၁၁၂,၀၀၀) ဦးနှင့် အသက် (၁၉) နှစ်မှ (၂၅) နှစ်အရွယ် (၅၇၇,၀၀၀) ဦး ပါဝင်ကြောင်းလည်း သိရသည်။

အွန်လိုင်းလောင်းကစားလုပ်ခြင်းဖြင့် ပြဿနာကြုံနေသည့် လောင်းကစားသမားများ၏ အမှုအကျင့်များတွင် စိတ်လှုပ်ရှား ရင်ခုန်ရသော အတွေ့အကြုံကို ခံစားရန် လောင်းကြေးပမာဏကို တိုးမြှင့်လောင်းခြင်း သို့မဟုတ် အနိုင်ရမည်ဟု ထင်မြင်ယူခြင်းလည်း ပါဝင်သည်။

ထို့အပြင် ရှုံးသွားသော ငွေများကိုပြန်ရရန် ကြိုးပမ်းမှုအဖြစ် အကြိမ်ကြိမ် လောင်းကစားပြန်လုပ်ခြင်း၊ မိမိ တတ်နိုင်သည့် ငွေပမာဏထက် ပိုများသော လောင်းကြေးငွေဖြင့် လောင်းကစားလုပ်ခြင်း၊ လောင်းကစား သို့မဟုတ် လောင်ကစားလုပ်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ပတ်သက်၍ အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် လောင်းကစားနှင့် ဆက်နွယ်သည့် ပြဿနာရှိနိုင်သည်ကို သိရှိထားခြင်းတို့မှာလည်း ပြဿနာကြုံနေသည့် လောင်းကစားသမားများတွင် တွေ့ရလေ့ရှိသော လက္ခဏာများဖြစ်သည်ဟု Gambling Problem Education Center ၏ ညွှန်ကြားရေးမှူး တွဲဖက်ပါမောက္ခ ဒေါက်တာ Nualnoi Trita က ပြောသည်။

ထိုင်းနိုင်ငံအတွင်း အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ထိုင်းရဲတပ်ဖွဲ့က အထူးနှိမ်နှင်းနေသည့်အတွက် မြန်မာ - ထိုင်းနယ်စပ်ဒေသ မြန်မာဘက်သို့ လောင်းကစားလုပ်ငန်းများ ရွေ့ပြောင်းလုပ်ကိုင်မှုများလာကြောင်းလည်း ဆိုသည်။

 

Source: Khaosod