ပြင်သစ်နိုင်ငံ ပါရီမြို့လယ် ပစ်ခတ်မှု (၃) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံ ပါရီမြို့လယ် ပစ်ခတ်မှု (၃) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရ
ဒီဇင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ရှိ ကာဒစ်ယဥ်ကျေးမှုစင်တာ (Kurdish cultural centre)အနီးရှိ ကာဒစ်ကော်ဖီဆိုင်တစ်ဆိုင်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ (၃) ဦး‌ သေဆုံးပြီး အခြား (၃) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် လူမျိုးရေးခွဲခြားမှုဖြင့် တိုက်ခိုက်မှုဖြစ်နိုင်ခြေရှိသည့်အတွက် စုံစမ်းစစ်ဆေးနေကြောင်း အစိုးရရှေ့နေများက ပြောသည်။

ဈေးဆိုင်ငယ်များနှင့် ကော်ဖီဆိုင်များ တန်းစီရှိနေသည့် ပါရီမြို့လယ် Rue d'Enghien လမ်းတွင် သေနတ်သံများကြားခဲ့ရပြီး လူအများ ထိတ်တန့်တကြား ဖြစ်ခဲ့ကြသည်။ 

သေနတ်သမား  အသက် (၆၉) နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးခဲ့နှင့် ပစ်ခတ်မှုဖြစ်ရပ် ပြီးသွားခဲ့ပြီဟု အာဏာပိုင်များက ပြောသည်။ 



ရဲတပ်ဖွဲ့က ပစ်ခတ်မှုအကြောင်းရင်းနှင့် သေနတ်သမားအဖြစ် သံသယရှိသူ၏ အချက်အလက်များကို ထုတ်ဖော်မပြောသေးဟု ဆိုသည်။

သေနတ်သမားအဖြစ် သံသရှိသူ အမျိုးသားကို ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးဖြစ်သူ Emmanuel Boujenan က AFP သတင်းဌာနကို ပြောခဲ့သည်။ 

မျက်မြင်တစ်ဦးက AFP ကို ပြောကြားမှုအရ သေနတ်ပစ်ခတ်သံ (၇) ချက် သို့မဟုတ် (၈) ချက် ကြားခဲ့ရသည်ဟု ဆိုသည်။ 

နောက်ထပ် မျက်မြင်တစ်ဦးက သေနတ်သမားအဖြစ် သံသရှိသူမှာ လူဖြူအမျိုးသားဖြစ်ကြောင်း BFM TV ကို ပြောခဲ့သည်။ 

BFM TV က သံသယရှိသူမှာ ပြင်သစ်နိုင်ငံသားဖြစ်ကြောင်း ဖော်ပြသည်။

ယခုပစ်ခတ်မှုကို လူသတ်မှု၊ လူသေမှုနှင့် ပြင်းထန်သည့် အကြမ်းဖက်မှုတို့ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း ပါရီမြို့ အစိုးရရှေ့နေရုံးက ပြောသည်။ 

ဖမ်းဆီးထားသည့် သေနတ်သမားသည် ရဲတပ်ဖွဲ့တွင် ပြစ်မှုမှတ်တမ်းဟောင်းရှိထားသူလည်း ဖြစ်သည်။ 

လွန်ခဲ့သည့် တစ်နှစ်က ပါရီမြို့ရှိ ရွှေ့ပြောင်းနေထိုင်သူများ စခန်းတစ်ခုကို ဓားတစ်လက်ဖြင့် တိုက်ခိုက်မှုကြောင့် ၎င်းကို ဖမ်းဆီးထိန်းသိမ်းပြီး လူမျိုးရေးအရ ကျူးလွန်သောပြစ်မှုဖြင့် စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။



Source: CNA, Reuters

Photo: REUTERS/Sarah Meyssonnier,