ကမ္ဘောဒီးယားနိုင်ငံက တရုတ်အကူအညီဖြင့် မဲခေါင်မြစ်ကူးတံတား စတင် တည်ဆောက်

ကမ္ဘောဒီးယားနိုင်ငံက တရုတ်အကူအညီဖြင့် မဲခေါင်မြစ်ကူးတံတား စတင် တည်ဆောက်
ဇန်နဝါရီ 6, 2023 | နိုင်ငံတကာသတင်း
By Mr John

အာဆီယံ‌ဒေသတွင်း ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်၏ ငွေကြေးအကူအညီဖြင့် မဲခေါင်မြစ်ကူးတံတားတစ်စင်းကို နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် စတင်တည်ဆောက်နေပြီ ဖြစ်သည်။ 

တံတားတည်ဆောက်ရေးလုပ်ငန်း စတင်သည့် အခမ်းအနားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့က ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်ဟွန်ဆန်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Wang Wentian တို့ တက်ရောက်ခဲ့ကြသည်။

အရှည် (၁,၇၆၁) မီတာ (၅,၇၇၇ ပေ)နှင့် အကျယ် (၁၃.၅) မီတာ (၄၄ ပေ) ရှိပြီး ချဥ်းကပ်လမ်းအရှည် (၃၁.၆၈) ကီလိုမီတာ ပါဝင်သည့် ထိုတံတားကို ရှန်ဟိုင်းဆောက်လုပ်ရေးလုပ်ငန်းစု က တည်ဆောက်သွားမည်ဖြစ်ပြီး (၄၂) လအတွင်း ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ 

ယခုတံတားမှာ ရပ်ဝန်းနှင့်ပိုးလမ်းမ Belt and Road Initiative (BRI) မူဘောင်အောက်တွင် ကမ္ဘောဒီးယားနှင့် တရုတ်ကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှု၏ နောက်ထပ် အသီးအပွင့်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြောသည်။

ယခု စတင်တည်ဆောက်သည့် တံတားမှာ ကရာကျယ် နှင့် နိုင်ငံအလယ်ပိုင်း ကမ်ပုန်ထုမ် ပြည်နယ်တို့ကို ဆက်သွယ်ထားသည့် ကမ္ဘောဒီးယား၏ National Road 60B အမြန်လမ်းမကြီး၏ အစိတ်အပိုင်းဖြစ်ပြီး မဟာဗျူဟာမြောက် အရေးပါကြောင်းလည်း ဟွန်ဆန်က ဆိုသည်။

 ၂၀၂၃ ခုနှစ်မှာ BRI စီမံကိန်း (၁၀) နှစ်ပြည့်ဖြစ်ပြီး တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ထူးထူးခြားခြား အောင်မြင်မှုများရခဲ့ကြောင်း တရုတ်သံအမတ် Wang က ဆိုသည်။

Source: Bangkok Post, Xinhua