ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဗ်ဂန္ဒီကို လုပ်ကြံသတ်ဖြတ်ခဲ့သူအား အိန္ဒိယတရားရုံးချုပ်က ပြန်လွှတ်ပေး

Photo: Arun Sankar/AFP
Photo: Arun Sankar/AFP
ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဗ်ဂန္ဒီကို လုပ်ကြံသတ်ဖြတ်ခဲ့သူအား အိန္ဒိယတရားရုံးချုပ်က ပြန်လွှတ်ပေး
By Mr John

 အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဗ်ဂန္ဒီကို  လုပ်ကြံသတ်ဖြတ်ခဲ့သည့် အမျိုးသားအား အိန္ဒိယတရားရုံးချုပ်က ၂၀၂၂ ခုနှစ် မေလ (၁၈) ရက်နေ့တွင် ပြန်လွှတ်ပေးရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၁၉၉၁ ခုနှစ်အတွင်းက ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဗ်ဂန္ဒီကို လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သူ AG Perarivalan မှာ အကျဥ်းထောင်ထဲတွင် နှစ် (၃၀) ကျော်ကြာ ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်းလည်း ဖြစ်သည်။

အဖမ်းခံရချိန်တွင် အသက် (၁၉) နှစ်အရွယ်ဖြစ်သည့် Perarivalan က ရာဂျစ်ဂန္ဒီကို လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့်ဗုံးအတွက် ဘက်ထရီများရယူပေးခဲ့မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၁၉၉၈ ခုနှစ်တွင် ၎င်းကို သေဒဏ်ချမှတ်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဗ်ဂန္ဒီမှာ ၁၉၉၁ ခုနှစ် မတ်လ (၂၁) ရက်နေ့က တမီလ်နာဒူပြည်နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း မိန့်ခွန်းပြောကြားနေစဥ် အမျိုးသမီး အသေခံဗုံးခွဲသူတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းကို လုပ်ကြံသတ်ဖြတ်မှုမှာ ၁၉၈၇ ခုနှစ်က ဝန်ကြီးချုပ်တာဝန်ယူခဲ့စဥ် သီရိလင်္ကာသို့ အိန္ဒိယ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းအတွက် လက်တုံ့ပြန်မှုဖြစ်ကြောင်း ရှုမြင်ခဲ့ကြခြင်းဖြစ်သည်။

Perarivalan မှာ သီရိလင်္ကာတွင် တမီလ်ပြည်နယ်ခွဲထွက်ရေး လက်နက်ကိုင်တိုက်ခိုက်နေသည့် Liberation Tigers of Tamil Eelam (LTTE) အဖွဲ့ကို အားပေးထောက်ခံသူတစ်ဦး ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် LTTE အဖွဲ့မှာ ၂၀၀၉ ခုနှစ်အတွင်း သီရိလင်္ကာအစိုးရတပ်ဖွဲ့များကို ရှုံးနိမ့်သွားခဲ့သည်။

မေလ (၁၈) ရက်တွင် တရားရုံးချုပ် တရားသူကြီး သုံးဦးပါဝင်သည့် တရားသူကြီးအဖွဲ့က နှစ် (၃၀) ကျော် အကျဥ်းကျခံပြီးဖြစ်သော Perarivalan ကို ပြန်လွှတ်ပေးရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

Perarivalan သည် ဝန်ကြီးချုပ်ဟောင်းရာဂျစ်ဂန္ဒီကို လုပ်ကြံသတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ (၇) ဦးအနက်မှ တစ်ဦးဖြစ်သည်။

တမီလ်နာဒူပြည်နယ်အစိုးရက ထိုလုပ်ကြံသတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားသူများကို ပြန်လွှတ်ပေးရန် နှစ်ကာလရှည်ကြာ တောင်းဆိုနေခဲ့ကြောင်းလည်း သိရသည်။

လုပ်ကြံသတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူ Nalini အား သေဒဏ်ချမှတ်ထားမှုကို ၂၀၀၀ ပြည့်နှစ်အတွင်းက ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်။

ထို့အတူ အခြား သေဒဏ်ချမှတ်ခံထားရသူ အားလုံးကိုလည်း တရားရုံးချုပ်က ၂၀၁၄ ခုနှစ်အတွင်း ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး ၎င်းတို့၏ ပြစ်ဒဏ်သက်ညှာပေးရန် အသနားခံမှုကို ဆုံးဖြတ်ရန် (၁၁) နှစ်ကြာ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။



Source: CNN, BBC