အင်ဒိုနီးရှားက စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းကို မေလ (၂၃) ရက်တွင် ရုပ်သိမ်းမည်

Photo: AFP
Photo: AFP
အင်ဒိုနီးရှားက စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းကို မေလ (၂၃) ရက်တွင် ရုပ်သိမ်းမည်
By Mr John

အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်း၌ စားသုံးဆီ ပျမ်းမျှဈေးနှုန်း စတင်ကျဆင်းလာပြီဖြစ်ရာ စားအုန်းဆီ ပြည်ပတင်ပို့မှု တားမြစ်ပိတ်ပင်ထားမှုကို မေလ (၂၃) ရက်တွင် ရုပ်သိမ်းသွားမည်ဟု သမ္မတဂျိုကိုဝီဒိုဒိုက မေလ (၁၉) ရက်နေ့တွင် ကြေညာသည်။ 

အင်ဒိုနီးရှားက လစဥ် စားသုံးဆီ တန်ချိန် (၁၉၄,၀၀၀) ခန့် လိုအပ်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်ချက်တွင် ဂျိုကိုဝီက ထည့်သွင်းပြောခဲ့သည်။

စာအုန်းဆီ ပြည်ပတင်ပို့မှု မပိတ်ပင်မီ မတ်လအတွင်း အင်ဒိုနီးရှား ပြည်တွင်းဈေးကွက်အတွက် စားသုံးဆီပမာဏ တန်ချိန် (၆၄,၅၀၀) သာရှိခဲ့သော်လည်း  ဧပြီလအတွင်း ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်ပြီးနောက် ပြည်တွင်းအတွက် စားသုံးဆီပမာဏ တန်ချိန် (၂၁၁,၀၀၀) ရှိလာခဲ့သည်ဟု ဆိုသည်။ 

ပြည်ပတင်ပို့မှု မပိတ်ပင်မီက ပြည်တွင်း စားသုံးဆီ တစ်လီတာဈေးနှုန်းမှာ အင်ဒိုနီးရှား Rupiah ငွေ ၁၉,၈၀၀ (မြန်မာကျပ်ငွေ ၂,၅၀၀ ကျော်) ဖြစ်ခဲ့သည်ဟု သမ္မတဂျိုကိုဝီက ပြောသည်။

လက်ရှိတွင်မူ ဈေးနှုန်းမှာ Rupiah ငွေ ၁၇,၂၀၀ (မြန်မာကျပ်ငွေ ၂,၁၇၀ ကျော်) နှင့် Rupiah ငွေ ၁၇,၆၀၀ (မြန်မာကျပ်ငွေ ၂,၂၂၀ ကျော်) ကြားသို့ ကျဆင်းသွားပြီဟု ၎င်းကဆိုသည်။ 

"လက်ရှိ ပြည်တွင်းအတွက် စားသုံးဆီရရှိမှုပမဏနဲ့ ဈေးနှုန်း၊ စားအုန်းဆီလုပ်ငန်းမှာ အလုပ်သမား (၁၇) သန်းရှိနေတာတွေအပေါ် အခြေခံပြီးတော့ စားသုံးဆီ ပြည်ပတင်ပို့မှုတွေကို ၂၀၂၂ ခုနှစ် မေလ (၂၃) ရက်နေ့မှာ ပြန်ခွင့်ပြုသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်" ဟု အင်ဒိုနီးရှားသမ္မတဂျိုကိုဝီက ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။

ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားတွင် လနှင့်ချီ၍ စားသုံးဆီပြတ်လပ်မှုဖြစ်ခဲ့ပြီးနောက် ဧပြီလ (၂၈) ရက်တွင် အစိုးရက စာအုန်းဆီကြမ်းနှင့် သန့်စင်ထားပြီး စားအုန်းဆီထုတ်ကုန်များ ပြည်ပတင်ပို့မှုကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့  စားသုံးဆီပြတ်လပ်မှုကြောင့် ကုန်စည်ဈေးနှုန်းများ (၇၀) ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပြီး စားသောက်ကုန်ဈေးနှုန်းများကို သက်ရောက်မှုရှိလာခဲ့သည်။

Source: CNA