ဟားမတ်စ် တိုက်ခိုက်ရေးတပ်ရင်းများ၏ သုံးပုံနှစ်ပုံကို ချေမှုန်းလိုက်ပြီဟု အစ္စရေးဝန်ကြီးချုပ်ပြော

ဟားမတ်စ် တိုက်ခိုက်ရေးတပ်ရင်းများ၏ သုံးပုံနှစ်ပုံကို ချေမှုန်းလိုက်ပြီဟု အစ္စရေးဝန်ကြီးချုပ်ပြော
ဇန်နဝါရီ 19, 2024 | နိုင်ငံတကာသတင်း
By Mr John

အစ္စရေးက ဂါဇာကမ်းမြှောင်တွင် ဟားမတ်စ်အုပ်စု တိုက်ခိုက်ရေးတပ်ရင်းများ၏ သုံးပုံနှစ်ပုံခန့်ကို ချေမှုန်းလိုက်ပြီဖြစ်ကြောင်းနှင့် အပြည့်အဝ အောင်ပွဲရသည်အထိ စစ်ပွဲ ဆက်လက်ဆင်နွှဲသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ပြောကြားလိုက်သည်။

"ဒီစစ်ပွဲမှာ တိုက်ခိုက်မှု အဆင့် (၂) အဆင့်ရှိပါတယ်။ ပထမအဆင့်က တိုက်ပွဲဖော်ဆောင်နေတဲ့ ဟားမတ်စ်တပ်ရင်းတွေကို ချေမှုန်းခြင်း ဖြစ်ပါတယ်။ အခုလက်ရှိအချိန်ထိ ဟားမတ်စ်တပ်ရင်း (၂၄)ခုအနက် (၁၆) ခု သို့မဟုတ် (၁၇) ခုကို ချေမှုန်းလိုက်ပါပြီ" ဟု နက်တန်ယာဟုက တဲလ်အဗစ်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်အတွင်း ပြောခဲ့သည်။

ကျဆုံးခဲ့သည့် အစ္စရေးစစ်သားတစ်ဦး၏ ဓာတ်ပုံတစ်ပုံကို ကိုင်ဆောင်လျက် တပ်ဖွဲ့ဝင်များ ကျဆုံးမှုက အချည်းနှီး ဖြစ်လိမ့်မည်မဟုတ်ဘဲ ဟားမတ်စ်ကို ချေမှုန်းပြီးသည်အထိနှင့် ဂါဇာတွင် ဓားစာခံများ ပြန်လည်လွတ်မြောက်သည်အထိ ဆက်လက် တိုက်ခိုက်သွားမည်ဟု နက်တန်ယာဟုက ပြောခဲ့သည်။

"ဒါပြီးရင် ဒုတိယအဆင့်အဖြစ် စစ်သွေးကြွတွေရဲ့ နယ်မြေကို ရှင်းလင်းရေး လုပ်ဆောင်မှာပါ။ ပထမအဆင့်ကတော့ ပုံမှန်အားဖြင့် ကာလတိုတောင်းပြီး ဒုတိယအဆင့်ကတော့ ရှည်ကြာပါတယ်။ အောင်ပွဲရဖို့က နောက်ထပ် လအတော်များများ ကြာပါလိမ့်မယ်။ ဒါပေမဲ့ အောင်ပွဲရယူဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်" ဟုလည်း အစ္စရေးဝန်ကြီးချုပ်က ဆိုသည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့တွင် စတင်ခဲ့သည့် အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်း (၂၄,၀၀၀) ကျော်နှင့် အစ္စရေး (၁,၄၀၀) ကျော် သေဆုံးခဲ့သလို ဟားမတ်စ်အုပ်စုက ဓားစာခံ (၂၅၃) ဦးကို ဖမ်းဆီးထားခဲ့သည်။ 

ဂါဇာတွင် ဖြစ်ပွားနေသော အစ္စရေး - ဟားမတ်စ် စစ်ပွဲက ဒေသတွင်း ကျယ်ပြန့်ကူးစက်လာမည်ကို စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

Source: Reuters