ဖယ်ခုံအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာကို မီးရှို့ခဲ့သည့် အာဏာသိမ်းစစ်အုပ်စုတပ်က PDF များက မီးရှို့သည်ဟု အထက်သို့ လိမ်လည်တင်ပြပြီး ထုံးစံအတိုင်း အပြစ်ပုံ လွှဲချ

Photo: ဓာတ်ပုံ - ၁၀၀၈ တပ်ရင်း နှင့် Inle PDF ကင်းထောက်အဖွဲ့,
Photo: ဓာတ်ပုံ - ၁၀၀၈ တပ်ရင်း နှင့် Inle PDF ကင်းထောက်အဖွဲ့,
ဖယ်ခုံအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာကို မီးရှို့ခဲ့သည့် အာဏာသိမ်းစစ်အုပ်စုတပ်က PDF များက မီးရှို့သည်ဟု အထက်သို့ လိမ်လည်တင်ပြပြီး ထုံးစံအတိုင်း အပြစ်ပုံ လွှဲချ

ရှမ်း - ကရင်နီ(ကယား)နယ်စပ် မိုးဗြဲဆည် ဆီမီးလော့ကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ဖယ်ခုံအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာကို အာဏာသိမ်းစစ်အုပ်စုနှင့်လက်အောက်ခံ PNO တို့က  မီးရှို့ဖျက်ဆီးလိုက်သော်လည်း အာဏာသိမ်းအဖွဲ့က အဆိုပါ ကျေးရွာကို PDF များက မီးရှို့ဖျက်ဆီးခြင်းဖြစ်သည် စစ်တိုင်းမှူးကနေ တဆင့် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်များအထိ တင်ပြထားပြီး  မေလ(၁၇)ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာကနေပါ ဖော်ပြထားသည်ကို တွေ့ရသည်။

 

အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများသည် တကယ့်မြေပြင်တွင် လုပ်ချင်တိုင်း လုပ်နေကြပြီး၊ မြေပြင်အခြေအနေ အမှန်ကို ၎င်းတို့၏ အထက်အဆင့်ဆင့်သို့ တင်ပြခြင်းမရှိသလို၊ အောက်ခြေက လိမ်လည်တင်ပြသည်ကိုလည်း အာဏာတည်မြဲရေးအတွက်သာ အလေးထားသည့် စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးမင်းအောင် နှင့် အဖွဲ့ကပါ အယုံလွယ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ကျေးရွာလူထုအပေါ် စစ်ဆေးမေးမြန်း ရိုက်နှက်ရာတွင် လက်လွန်ရာမှ လူသတ်သည်အထိ လုပ်ဆောင်သလို၊ ရည်ရွယ်ချက် ရှိရှိ သတ်ဖြတ်သည်များလည်းရှိသည့်အပြင် PDF များ ပုန်းအောင်းနိုင်ရန် ကာကွယ်ပေးခြင်းနှင့် ပတ်သက်ခြင်းများရှိသည်ဟု စွပ်စွဲကာ နေအိမ်များကို မီးရှို့ဖျက်ဆီးသော်လည်း ၎င်းတို့သည် ပြည်သူ့ကာကွယ်ရေးတပ်များကသာ အကြမ်းဖက်လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲလေ့ရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံက သိရသည်။

"ညနေ (၅)နာရီလောက် ကတည်းက စရှို့နေတာ။ ရွာထဲကို ဝင်လာကတည်းက နားမခံသာအောင် အော်ဆဲနေကြတယ်။ PNO ယူနီဖောင်းနဲ့ လူတွေလည်း ပါလာတာ တွေ့လိုက်တယ်။ ဘယ်အငြိုးနဲ့များလုပ်နေလဲတော့ မသိပေမယ့် ကိုယ့်အမေအရွယ်၊ အဖေအရွယ်ကို မိုက်မိုက်ရိုင်းရိုင်းဆဲတာကတော့ လွန်လွန်းတယ်" ဟု ဒေသခံတစ်ဦး၏ ပြောပြချက်ကို မဲခေါင်သတင်းဌာနကလည်း မေလ(၁၆)ရက်နေ့က ဖော်ပြထားသည်။ 

 

ကျေးရွာများ၌ တကယ်တမ်းတွင်မှု ဒေသခံများ၏ လုံခြုံရေးနှင့်ဘေးကင်းရေးကို ဒေသကာကွယ်ရေးအဖွဲ့များက ကူညီပေးနေခြင်းဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စု၏ တပ်များ ထင်တိုင်းကြဲလုပ်ရပ်များကို ခုခံကာကွယ်တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်း သိရသည်။

"ဆောင်နန်းခဲရွာအား စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်မှ  တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ ယုတ်မာစွာ ရွာတစ်ရွာလုံးနီးပါး မီးရှို့ဖျက်စီးခဲ့သည်။  မနက်အစောကတည်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွါးနေတာကြောင့် အားလုံးဘေးကင်းကြပါစေ ပြည်သူများဘေးလွှတ်ရာသို့ ပုန်းရှောင်ကြပါဗျ"ဟု ၁၀၀၈ တပ်ရင်း နှင့် Inle PDF ကင်းထောက်အဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် မေလ(၁၇)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန် အသိပေးထားရှိသည်။

မေလ(၁၃)ရက်နေ့က စပြီး မေလ(၁၆)ရက်နေ့အထိ အာဏာသိမ်းစစ်အုပ်စုနှင့် လက်အောက်ခံ PNO ( PNO/PNLO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အသွင်ပြောင်းပြည်သူ့စစ် )တို့သည် ဖယ်ခုံဒေသအပါအဝင် အနီးဝန်းကျင်များတွင် အင်အားအများအပြားဖြင့် ထိုးဆင်စစ် တိုက်ခိုက်နေခြင်း ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးခြင်း၊ ကူညီပေးခြင်းများကြောင့်ဟု စွပ်စွဲကာ နေအိမ်များကိုလည်းမီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဒေသတွင် ယခုရက်ပိုင်းအတွင်း နေ့စဉ် စစ်ကြောင်းထိုးပြီး ၎င်းတို့ဘက်ကသာ သေဆုံးအထိနာနေသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်က လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေ၍ အနီးရှိ ကျေးရွာနေပြည်သူများပါ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရကြောင်း သိရသည်။ 

#TachileikNewsAgency 

Photo: ဓာတ်ပုံ - ၁၀၀၈ တပ်ရင်း နှင့် Inle PDF ကင်းထောက်အဖွဲ့