အာဏာသိမ်းစစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို ဓါတုအဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်

အာဏာသိမ်းစစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို ဓါတုအဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဓာတု အဆိပ်ငွေ့ဗုံးသုံးပြီး ၂၀၂၄ခုနှစ် မတ်လ(၆)နေ့က တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က မတ်လ(၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးသုံးတိုက်ခိုက်ခြင်းကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ရဲဘော်များ အရေပြားယားယံခြင်း၊ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်စီဂျင်ကျခြင်းများကို ခံစားခဲ့ကြရသည်ဟု ဆိုသည်။

 

ယင်းသို့ ဓာတုအဆိပ်ငွေ့ဗုံး ကြဲချ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများ နှင့် တပ်ဖွဲ့ဝင်များကို ဆေးဝါးကုသပေးနေရဆဲဖြစ်သည်ဟုလည်း သိရသည်။

ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်အတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြုပြီး တိုက်ခိုက်ခြင်းကြောင့် နေအိမ်(၆)အိမ်ထက်မနည်း ထိမှန်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်များသည် ယမန်နေ့တွင် ပအိုဝ်းအမျိုးသားဝတ်စုံအားဝတ်ဆင်ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးရန်အင်အားဖြည့်တင်းခဲ့သည်ဟု သိရသည်။

 

အင်အားဖြည့်ရာတွင် ပြည်သူလူထု၏ ကားများအားချောဆွဲကာ ၎င်းတို့သွားလိုသည့်နေရာသို့ အတင်းအဓမ္မ ပို့ဆောင်စေခဲ့သည်ဟု သိရသည်။

စစ်ကောင်စီမှ ပအိုဝ်းအမျိုးသားဝတ်စုံအား စစ်ယူနီဖောင်းအဖြစ်အသုံးပြုခြင်း၊ ပအိုဝ်းအမျိုးသားဝတ်စုံအား ဝတ်ဆင်ကာ ပအိုဝ်းဒေသအား အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ပအိုဝ်းတို့၏ အမျိုးသားဂုဏ်အင်္ဂါလက္ခဏာကို ဖျက်ဆီးခြင်းနှင့် စစ်ရာဇဝတ်မှုကိုကျူးလွန်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

 

Photo: PNLA News & Information Department