ဆီဆိုမြို့နယ်ရှိ ထီတမောင်းဘုန်းကြီးကျောင်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ ပျက်စီး

ဆီဆိုမြို့နယ်ရှိ ထီတမောင်းဘုန်းကြီးကျောင်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ ပျက်စီး
ဖေဖော်ဝါရီ 8, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ထီတမောင်းဘုန်းကြီးကျောင်းသို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့က စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ ဇရပ်နှင့် ဓမ္မာရုံများ ပျက်စီးသွားကြောင်း သိရသည်။

ဆီဆိုင်မြို့နှင့် (၇)မိုင်အကွာတွင်ရှိသည့် ထီတမောင်းဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီနှင့်အပေါင်းအပါများက ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဇရပ်နှင့် ဓမ္မာရုံအဆောက်အဦးပျက်စီးသွားခြင်းဖြစ်သည်။

ဘုန်းကြီးကျောင်းနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်စွဲထားသည့်နေရာလည်း မဟုတ်ဟု PNLA က ဆိုသည်။

ယမန်နေ့တွင်ပင် စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့အရှေ့ဘက်ရှိ ကျေးရွာတစ်ရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ပအိုဝ်းလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦးများကို တမင်ဖျက်ဆီးနေပြီး စစ်ကောင်စီနှင့် အပေါင်းအပါများ၏လုပ်ရပ်သည် ၎င်းတို့အတွက် ကိုးကွယ်ရာဘာသာဟူ၍မရှိဘဲ စစ်အာဏာရှင်ကိုသာ ကိုးကွယ်နေသည့်သူများဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: PNLA News & Info