နမ့်စန်မြို့ တည်းခိုခန်းတစ်ခုတွင် ပစ်ခတ်မှုဖြစ်၍ ပိတ်ထားသည့်လမ်းများကို ယနေ့ ပြန်ဖွင့်

နမ့်စန်မြို့ တည်းခိုခန်းတစ်ခုတွင် ပစ်ခတ်မှုဖြစ်၍ ပိတ်ထားသည့်လမ်းများကို ယနေ့ ပြန်ဖွင့်
By Tachileik News Agency

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ ရှိ ဧည့်စုတည်းခိုခန်းတွင် ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပိတ်ထားသည့်လမ်းကို ယနေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ပြန်ဖွင့်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မနေ့က ပစ်ခတ်မှုဖြစ်ပြီး အနားကလမ်းကို ပိတ်ထားတာ။ ဒီမနက် ပြန်ဖွင့်ပေးလိုက်ပြီ။ မနေ့ကတော့ အနီးဝန်းကျင်ဆိုင်တွေလည်း အကုန်ပိတ်ထားရတာ

ဟု ‌ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

ဧည့်စုတည်းခိုခန်းသို့ အောက်တိုဘာလ (၃)ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်က အိမ်စီးကားများဖြင့် ရောက်လာသည့်အရပ်ဝတ်အဖွဲ့နှင့်   တည်းခိုခန်းတွင် တည်းခိုနေသူတို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် တည်းခိုနေသူအချို့ကိုဖမ်းဆီးသွားပြီး လက်နက်နှင့်ပစ္စည်းအချို့ကို ကားဖြင့်သယ်သွားသည်ကို တွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ 

 မူးယစ်ဆေးနဲ့ပတ်သက်တာ အချင်းချင်း လက်ထောက်ချတယ်လို့ကြားတယ်။ နယ်မြေခံ ရဲတွေကိုတောင် အသိမပေးဘဲ ပြည်နယ်တိုင်းမှူးအစီအစဉ်နဲ့ လာဖမ်းသွားတာတဲ့။ လူထိခိုက်သေဆုံးတော့ မရှိဘူး

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိဘဲ လက်ရှိအချိန်ထိ မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရသည်။