ဗြိတိန်တွင် အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယပ်အထက်ရောက်ရှိပြီး အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်

ကမ်းခြေတစ်ခုမှာ အပူဒဏ်ကို အန်တုနေတဲ့ ဗြိတိန်ပြည်သူများ [ Photo: PA Media ]
ကမ်းခြေတစ်ခုမှာ အပူဒဏ်ကို အန်တုနေတဲ့ ဗြိတိန်ပြည်သူများ [ Photo: PA Media ]
ဗြိတိန်တွင် အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယပ်အထက်ရောက်ရှိပြီး အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်
ဇူလိုင် 20, 2022 | နိုင်ငံတကာသတင်း
By Mr John

ဗြိတိန်တွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ခဲ့ပြီး အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ 

အင်္ဂလန်နိုင်ငံ Lincolshire ကောင်တီရှိ Coningsby ကျေးရွာတွင် ဇူလိုင်လ (၁၉) ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ (၄) နာရီက အပူချိန် (၄၀.၃) ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စံချိန်တင်ထားခဲ့သည့် နေ့အလိုက် အမြင့်ဆုံးအပူချိန် (၃၈.၇) ဒီဂရီဆဲလ်စီးယပ်ကို သိသာစွာ ကျော်လွန်သွားခဲ့သည်။

ထိုအတောအတွင်း လန်ဒန်မြို့တဝန်း မီးလောင်မှုများ မြင့်တက်ဖြစ်ပွားလာခဲ့ရာ မီးသတ်ဌာနက အဓိကဖြစ်ရပ်တစ်ခုအဖြစ် ကြေညာခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ရထားခရီးစဥ်အချို့ ဖျက်သိမ်းရမှုများရှိခဲ့ကြောင်းလည်း သိရသည်။ 

ဗြိတိန်တွင် အပူဒဏ်အန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားသည့်ကြား လွန်ခဲ့သည့် (၂) ရက်အတွင်း ရေထဲနှင့် ပင်လယ်ကမ်းခြေကဲ့သို့ ရေစပ်အနီးတွင် အနည်းဆုံး လူ (၅) ဦး သေဆုံးခဲ့သည်။

စကော့တလန်တွင်လည်း အပူချိန် (၃၄.၈) ဒီဂရီဆဲလ်စီးယပ် ဖြစ်ခဲ့ပြီး အပူဆုံးနေ့အဖြစ် စံချိန်သစ်တင်ခဲ့သည်။ 

ယခင်က စကော့တလန်တွင် ၂၀၀၃ ခုနှစ် ဩဂုတ်လ (၉) ရက်နေ့က အပူချိန် (၃၂.၉) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီး အပူဆုံးနေ့အဖြစ် စံချိန်တင်ထားခဲ့ခြင်း ဖြစ်သည်။ 

အပူလှိုင်းဖြတ်နေသည့် ဥရောပတွင် အနောက်ပိုင်း၌ အပူချိန်များ ပိုမိုမြင့်တက်နေကြောင်းနှင့် အပူလှိုင်းမှာ မြောက်ပိုင်းသို့ ဦးတည်နေသည်ဟု ဆိုသည်။

ပြင်သစ်နိုင်ငံတွင် အပူချိန်လွန်ကဲမှု သတိပေးချက်များ ထုတ်ပြန်ထားပြီး စပိန်နိုင်ငံမြောက်ပိုင်းတွင် ဇူလိုင်လ (၁၈) ရက်နေ့က အပူချိန်များ (၄၃) ဒီဂရီဆလ်စီးယပ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ 

 

အပူချိန်မြင့်တက်မှုနှင့်အတူ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်နှင့် ဂရိနိုင်ငံတို့တွင် ပြင်းထန်သည့် တောမီးလောင်မှုများ ဖြစ်ပွားနေပြီး လူဦးရေ ထောင်နှင့်ချီ နေအိမ်များမှ ရွှေ့ပြောင်းခဲ့ကြရသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မကြာခဏနှင့် ပိုမိုပြင်းထန်သည့် အပူလှိုင်းများကို ဖြစ်စေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ 

လူသားများကြောင့် ဖြစ်လာသည့် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်မှုများ၊ ပြင်းထန်သည့် တောမီးလောင်မှုများ လာမည့် (၂၈) နှစ်အတွင်း (၃၀) ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ကုလသမဂ္ဂက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုက ဖော်ပြသည်။

Source: BBC