ဆီနီဂေါနိုင်ငံတွင် ဘတ်စ်ကား (၂) စီး ခေါင်းချင်းဆိုင် တိုက်မိပြီး လူ (၄၀) ဦး သေဆုံး 

ဆီနီဂေါနိုင်ငံတွင် ဘတ်စ်ကား (၂) စီး ခေါင်းချင်းဆိုင် တိုက်မိပြီး လူ (၄၀) ဦး သေဆုံး 
ဇန်နဝါရီ 9, 2023 | နိုင်ငံတကာသတင်း
By Mr John

ဆီနီဂေါနိုင်ငံ အလယ်ပိုင်း Kaffrine ဒေသရှိ အဓိက လမ်းမကြီးတစ်ခုတွင် ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၈) ရက် နံနက်အစောပိုင်းက ဘတ်စ်ကား (၂) စီး ခေါင်းချင်းဆိုင် တိုက်မိခဲ့မှုကြောင့် လူ (၄၀) ဦး သေဆုံးပြီး (၈၅) ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။ 

ယခုဖြစ်ရပ်မှာ အနောက်အာဖရိကရှိ ဆီနီဂေါနိုင်ငံ၏ မကြာသေးမီက မှတ်တမ်းများတွင် လူသေဆုံးမှုအများဆုံး ယာဥ်တိုက်မှုဖြစ်ရပ်လည်း ဖြစ်ခဲ့သည်။

ဆီနီဂေါမြို့တော် ဒါကာမြို့၏ အရှေ့တောင်ဘက် (၁၃၇) မိုင်ခန့်အကွာ Kaffrine မြို့အနီးရှိ အဓိက လမ်းမကြီးတစ်ခုပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာမှ ဓာတ်ပုံများအရ အဖြူရောင်ဘတ်စ်ကားတစ်စီး၏ ခေါင်းပိုင်းမှာ လုံးဝပျက်စီးနေပြီး သွေးများပေကျံနေသည့် ထိုင်ခုံများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဖိနပ်များပြန့်ကျဲနေသည်ကို တွေ့ရသည်။

ဘတ်စ်ကားတစ်စီး၏ ကားဘီးတာယာ ပွင့်ထွက်သွားပြီးနောက် ဆန့်ကျင်ဘက်ယာဥ်ကြောမှ မောင်းနှင်လာသည့် အခြား ဘတ်စ်ကားတစ်စီးနှင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အစိုးရရှေ့နေက ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ဆီနီဂေါအစိုးရက ဇန်နဝါရီ (၉) ရက်မှစ၍ (၃) ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံတဝန်း အလံများကို တိုင်ဝက်လျှော့ချထားမည် ဖြစ်သည်။

ဆီနီဂေါတွင် အများအားဖြင့် ယာဥ်မောင်းများ၏အမှား၊ လမ်းမကောင်းမှုနှင့် ယာဥ်အိုယာဥ်ဟောင်းများကြောင့် ယာဥ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ 

သို့သော် ယခုနောက်ဆုံးဖြစ်ရပ်မှာ လတ်တလော နှစ်များအတွင်း ယာဥ်တိုက်မှုတစ်ခုတည်းကြောင့် လူအများဆုံးသေဆုံးမှု ဖြစ်ခဲ့သည်။ 

၂၀၁၇ ခုနှစ်က ဆီနီဂေါတွင် ဖြစ်ပွားခဲ့သည့် ဘတ်စ်ကား (၂) စီး တိုက်မိခဲ့မှုအတွင်း ဘာသာရေးပွဲတော်တစ်ခုသို့ သွားရောက်ကြသူအချို့ အပါအဝင် လူ (၂၅) ဦး သေဆုံးခဲ့ဖူးကြောင်း သိရသည်။

Source: Reuters, AFP

Photo: Elimane Fall,  Abdoulaye Ba/Anadol