(၂၅) နှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုအများဆုံး ငလျင်ကြီးများ

 (၂၅) နှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုအများဆုံး ငလျင်ကြီးများ
ဖေဖော်ဝါရီ 9, 2023 | နိုင်ငံတကာသတင်း
By Mr John

 

တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၆) ရက် ဒေသစံတော်ချိန် နံနက် (၄) နာရီခန့်က ပြင်းအားအဆင့် ရစ်ချ်တာစကေး (၇.၈) ရှိသော ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်မှာ ဖေဖေါ်ဝါရီလ (၈) ရက် ဒေသစံတော်ချိန် ညနေပိုင်း (မြန်မာစံတော်ချိန် ညပိုင်း) အထိ (၁၁,၀၀၀) ကျော်အထိ ရှိလာပြီဖြစ်သည်။

ငလျင်ကြောင့် ပြိုလဲပျက်စီးခဲ့သည့် အဆောက်အအုံ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရန် ရာသီဥတုအေးခဲမှုနှင့် နှင်းများကျရောက်နေမှုအတွင်း ကယ်ဆယ်ရေးသမားများက ကြိုးပမ်းလုပ်ဆောင်နေကြပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်သည်။ 

တူရကီနိုင်ငံသည် ကမ္ဘာ့ငလျင်လှုပ်ခတ်မှု အဖြစ်ဆုံး ဇုန်ထဲတွင် ပါဝင်နေသည့် နိုင်ငံဖြစ်သည်။

၁၉၉၉ ခုနှစ်က တူရကီမြောက်ပိုင်း Duzce နယ်မြေတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြီးတစ်ခုကြောင့် လူပေါင်း (၁၈,၀၀၀) ခန့် သေဆုံးခဲ့ဖူးသည်။

လွန်ခဲ့သည့် (၂၅) နှစ်အတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် လူသေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် ငလျင်လှုပ်မှုများကို ကောက်နုတ်ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ် ဇွန်လ (၂၂) ရက် - အာဖဂန်နစ္စတန်တွင် ရစ်ချ်တာစကေး (၆.၁) အဆင့်ရှိ ငလျင်လှုပ်မှုကြောင့် လူ (၁,၁၀၀) ကျော် သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၄) ရက် - ဟေတီနိုင်ငံတွင် ပြင်းအားအဆင့် ရစ်ချ်တာစကေး (၇.၂) ရှိ ငလျင်လှုပ်မှုကြောင့် လူ (၂,၂၀၀) ကျော် သေဆုံးခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်တင်ဘာလ (၂၈) ရက် - ရစ်ချ်တာစကေး (၇.၅) အဆင့်ရှိ ငလျင်ကြီးတစ်ခု အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ခတ်ခဲ့ရာ ဆူနာမီရေလှိုင်းများလည်း တက်ရောက်ခဲ့ပြီး လူ (၄,၃၀၀) ကျော် သေဆုံးခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလ (၂၅) ရက် - နီပေါနိုင်ငံတွင် ရစ်ချ်တာစကေး (၇.၈) ရှိ ငလျင်ကြီးကြောင့် လူ (၈,၈၀၀) ကျော် သေဆုံးခဲ့သည်။

၂၀၁၁ ခုနှစ် မတ်လ (၁၁) ရက် - ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်တွင် ရစ်ချ်တာစကေး (၉.၀) အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး အလွန်မြင့်မားသည့် ဆူနာမီရေလှိုင်းများလည်း တက်ရောက်ခဲ့မှုကြောင့် လူ (၂၀,၀၀၀) နီးပါး သေဆုံးခဲ့သည်။

၂၀၁၀ ခုနှစ် ဇန်နဝါရီလ (၁၂) ရက် - ဟေတီနိုင်ငံတွင် ရစ်ချ်တာစကေး (၇.၀) ရှိ ငလျင်လှုပ်မှုကြောင့် လူ (၁၀၀,၀၀၀) ကျော် သေဆုံးခဲ့သည်။ ထိုငလျင်ကြောင့် သေဆုံးသူ (၃၁၆,၀၀၀) ရှိနိုင်ကြောင်း ဟေတီအစိုးရက ခန့်မှန်းခဲ့သည်။

၂၀၀၈ ခုနှစ် မေလ (၁၂) ရက် - တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အရှေ့ပိုင်းတွင် ရစ်ချ်တာစကေး (၇.၉) အဆင့်ရှိ ငလျင်လှုပ်မှုအတွင်း လူပေါင်း (၈၇,၅၀၀) ကျော် သေဆုံးခဲ့သည်။

၂၀၀၆ ခုနှစ် မေလ (၂၇) ရက် - အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ရစ်ချ်တာစကေး (၆.၃) ရှိ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် လူ (၅,၇၀၀) ကျော် သေဆုံးခဲ့သည်။

၂၀၀၅ ခုနှစ် အောက်တိုဘာလ (၈) ရက် - ပါကစ္စတန်နိုင်ငံက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားနယ်မြေတွင် ရစ်ချစ်တာစကေး (၇.၆) ရှိ ငလျင်လှုပ်မှုကြောင့် လူ (၈၀,၀၀၀) ကျော် သေဆုံးခဲ့သည်။

၂၀၀၅ ခုနှစ် မတ်လ (၂၈) ရက် - အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်း မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး (၈.၆) အဆင့်ရှိ ငလျင်ကြောင့် လူ (၁,၃၀၀) ကျော် သေဆုံးခဲ့သည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက် - အင်ဒိုနီးရှားနိုင်ငံတွင် ရစ်ချ်တာစကေး (၉.၁) အဆင့်ရှိ ငလျင်ကြီးလှုပ်မှုကြောင့် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတမ်းတစ်လျှောက် ကြီးမားသည့် ဆူနာမီလှိုင်းလုံးများ တက်ရောက်ခဲ့ပြီး မြန်မာအပါအဝင် နိုင်ငံတစ်ဒါဇင်ကျော်တွင် လူ (၂၃၀,၀၀၀) ခန့် သေဆုံးခဲ့သည်။

၂၀၀၃ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက် - အီရန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရစ်ချ်တာစကေး (၆.၆) ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ (၂၀,၀၀၀) ကျော် သေဆုံးခဲ့သည်။

၂၀၀၃ ခုနှစ် မေလ (၂၁) ရက် - အယ်လ်ဂျီးရီးယားနိုင်ငံတွင် ရစ်ချ်တာစကေး (၆.၈) ရှိ ငလျင်လှုပ်မှုကြောင့် လူ (၂,၂၀၀) ကျော် သေဆုံးခဲ့သည်။

၂၀၀၁ ခုနှစ် ဇန်နဝါရီလ (၂၆) ရက် - အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ရစ်ချ်တာစကေး (၇.၆) အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အများဆုံး လူ (၂၀,၀၀၀) အထိ သေဆုံးခဲ့သည်။

၁၉၉၉ ခုနှစ် ဩဂုတ်လ (၁၇) ရက် - တူရကီနိုင်ငံ Izmit မြို့တွင် ရစ်ချ်တာစကေး (၇.၆) ရှိ ငလျင်လှုပ်မှုကြောင့် လူ (၁၈,၀၀၀) ခန့် သေဆုံးခဲ့သည်။

၁၉၉၈ ခုနှစ် မေလ (၃၀) ရက် - အာဖဂန်နစ္စတန်နိုင်ငံ Badakhshan ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး (၆.၆) အဆင့်ရှိ ငလျင်ကြောင့် လူ (၄,၀၀၀) ကျော် သေဆုံးခဲ့သည်။

( ပုံများမှာ တူရကီနိုင်ငံအတွင်း ငလျင်ဒဏ်သင့်ခဲ့ရသည့် ပုံများဖြစ်သည်။ )

#TachileikNewsAgency

Source: AP

Photo: IHA via AP, REUTERS/Suhaib Salem,  REUTERS/Stoyan Nenov, REUTERS/Suhaib Salem,