ဒဏ်ရာရ ယူကရိန်းစစ်သား၏ ရင်ဘတ်ထဲမှ မပေါက်ကွဲသေးသည့် ဗုံးသီးကို ခွဲစိတ်ထုတ်ယူနိုင်ခဲ့

ဒဏ်ရာရ ယူကရိန်းစစ်သား၏ ရင်ဘတ်ထဲမှ မပေါက်ကွဲသေးသည့် ဗုံးသီးကို ခွဲစိတ်ထုတ်ယူနိုင်ခဲ့
ဇန်နဝါရီ 13, 2023 | နိုင်ငံတကာသတင်း
By Mr John

ရုရှားနှင့်စစ်ပွဲအတွင်း ဒဏ်ရာရခဲ့သည့် ယူကရိန်းစစ်သားတစ်ဦး၏ ရင်ဘတ်အတွင်းမှ မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးကို အောင်မြင်စွာ ခွဲစိတ်ထုတ်ယူနိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ 

ဒဏ်ရာရ ယူကရိန်းစစ်သား၏ နှလုံးအောက်ဘက် အနီးကပ်နေရာတွင်ရှိနေသည့် ဗုံးသီးကို ခွဲစိတ်ဆရာဝန်များက အောင်မြင်စွာ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။ 

ခွဲစိတ်မှုအတွင်း ဘေးအန္တရာယ်ကင်းစေရန် စစ်သား (၂) ဦးက ကြီးကြပ်စောင့်ကြည့်ပေးခဲ့ကြောင်း ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး Hanna Maliar ပြောသည်။

ယခုအခါ အဆိုပါ ဒဏ်ရာရ စစ်သားမှာ ပြန်လည်ကောင်းမွန်လာပြီဟု သိရသည်။ 

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ ဆေးဘက်ဆိုင်ရာဌာနက မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးနောက် ဓာတ်မှန်ရိုက်ထားသည့်ပုံများကို ဒုကာကွယ်ရေးဝန်ကြီး Hanna က Facebook တွင် တင်ထားခဲ့ရာ မခွဲစိတ်မီ ဓာတ်မှန်ပုံတွင် စစ်သား၏ နှလုံးအနီး ဗုံးသီးကို တွေ့ရသည်။

 နောက်တစ်ပုံတွင်မူ သွေးများပေကျံနေသည့် ဗုံးသီးကို စစ်ဘက် ခွဲစိတ်ဆရာဝန်က ကိုင်ထားသည်ကို တွေ့ရသည်။

"စစ်ဘက်ဆရာဝန်တွေက မပေါက်ကွဲသေးတဲ့ VOG ဗုံးသီးကို စစ်သားရဲ့ ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားဖို့ ခွဲစိတ်မှုတစ်ခု လုပ်ခဲ့ပါတယ်" ဟု သူမက ရေးသားထားသည်။ 

ထိုခွဲစိတ်မှုကို ပုံမှန်ခွဲစိတ်မှုများ ပြုလုပ်စဥ် သွေးထွက်မှုထိန်းချုပ်ရန် အသုံးပြုလေ့ရှိသည့်  electrocoagulation နည်းလမ်း အသုံးမပြုဘဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ထိုနည်းလမ်းသုံးပါက ဗုံးသီးမှာ အချိန်မရွေး ပေါက်ကွဲသွားနိုင်ခြင်းကြောင့်ဟု ဆိုသည်။

ယူကရိန်းပြည်ထဲရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် Anton Gerashchenko က "မပေါက်ကွဲသေးတဲ့ ဗုံးသီးကို စစ်သားရဲ့ နှလုံးအောက်ဘက်ကနေ ထုတ်ယူခဲ့ပါတယ်။ ဗုံးသီးက မပေါက်ကွဲသေးပါဘူး။ ဒါပေမဲ့ ပေါက်ကွဲနိုင်သေးတဲ့ ဗုံးသီးပါ" ဟု ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့၏ နံနက်အစောပိုင်းက Telegram တွင် ရေးသားထားသည်။ 

ဒဏ်ရာရ ယူကရိန်းစစ်သားမှာ အသက် (၂၈) နှစ်ခန့်အရွယ်ဟု ယူဆရကြောင်း ယူကရိန်းစစ်တပ် ဆေးတပ်ဖွဲ့မှ အရာရှိတစ်ဦးကို ကိုးကားပြီး Gerashchenko က ပြောသည်။

"ဒီလို ခွဲစိတ်မှုမျိုးကို ကျွန်တော်တို့ ဆရာဝန်တွေ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး။ အာဖဂန်နစ္စတန်စစ်ပွဲအတွင်းမှာတော့ ဒီလို အလားတူဖြစ်ခဲ့ဖူးတယ်။  အခု သူ့ကို ပြန်လည်ထူထောင်ရေးအတွက် လွှဲပြောင်းခဲ့ပြီး သူ့အခြေအနေ တည်ငြိမ်ပါတယ်။ ဒီခွဲစိတ်ကုသမှုကို ဆေးပညာစာအုပ်တွေထဲမှာ ထည့်သွင်းဖော်ပြသွားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု Gerashchenko က ဆိုသည်။

Source: The Guardian

Photo:  Hanna Maliar